အခန်း (၁၇) ချစ်သူ့စျာပနပွဲ
“ဖြောက်...ဖြောက်...ဖြောက်...ဖြောက်...ဖြောက်...”
“ဂျိန်း....!”
"🌧🌧🌧”
“ဖြောက်...ဖြောက်...ဖြောက်.....”
မြန်မာသက္ကရာဇ် (၁၃၇၄)ခုနှစ် ၊ နယုန်လပြည့်နေ့ နေ့လယ်ခင်းမှာ ကောင်းကင်ပေါ်က ရွာကျလာတဲ့ မိုးဟာ ပတ်ဝန်းကျင် တစ်ခုလုံးကို အုံ့မှိုင်းလို့နေတယ်။
မိုးစက်တွေဟာ သင်္ချိုင်းမြေပေါ်က အဆောက်အဦးတစ်ခုရဲ့ သွပ်ပြားပေါ်ကို အရှိန်အဟုန် ပြင်းပြင်းနဲ့ ကျဆင်းလို့။
အဆောက်အဦးရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ သစ်ပင်တွေဟာ လေယူရာအတိုင်း ဘယ်ညာ ယိမ်းထိုးနေတယ်။ အဖြူရောင်လွင့်လွင့် အုတ်ဂူတွေဟာ မိုးရေထဲမှာ အထီးကျန်ဆန်စွာ လှဲလျောင်းရင်း အနားယူနေကြလေရဲ့။
ကျနော်ဟာ အိပ်မက်ကနေ ရုတ်တရက် လန့်နိုးလာတဲ့ လူတစ်ယောက်လို မတ်တတ်ရပ်နေခဲ့ပါတယ်။ ဘေးနားမှာ လူတွေ အများကြီး ရှိနေပေမဲ့ သူတို့ရှိကြောင်းကို လျစ်လျူရှု့ ထားနိုင်ခဲ့တယ်။
ကျနော့် မျက်စိရှေ့က ခေါင်းတလားထဲမှာ နွေဦးကဗျာ မှေးစက်လှဲလျောင်း နေတာကို ငေးကြည့်နေရင်းနဲ့ပေါ့။ အခုအချိန်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ အားလုံးကို အိပ်မက်လို့ပဲ ယုံကြည်နေချင်တယ်။
ဒါပေမဲ့ ဒါဟာ အိပ်မက်တစ်ခု မဟုတ်ခဲ့ပါဘူး။ မနေ့တုန်းက ခွဲစိတ်ခန်းထဲမှာ ခွဲစိတ်နေရင်းနဲ့ ပိုးဝင်ပြီး နွေဦးကဗျာ ဆုံးပါးသွားခဲ့တာကလည်း အိပ်မက်မဟုတ်ဘူး။ ဝမ်းနည်းမှုတွေဟာ ဝမ်းဗိုက်ထဲက လေတွေအားလုံးကို စုပ်ယူထားတယ်။
ရင်ဘတ်ထဲမှာ ဘာခံစားချက်မှ မရှိဘဲ ဗလာဟင်းလင်း ဖြစ်နေတယ်။ မျက်ရည်တွေဟာ မျက်လုံးအိမ်ထဲကနေ ပါးပြင်ပေါ်ကို ပြိုကျလုနီးနီး။ နွေဦးရဲ့ သူငယ်ချင်း ကောင်မလေး တချို့ကတော့ ကျိတ်ပြီး ငိုနေရှာတယ်။
ဦးလေးကလည်း ကျနော့်လိုပဲ နွေဦးရဲ့ ရုပ်အလောင်းကို ငေးကြည့်ရင်း ပူဆွေးပြီး မျက်ရည်တွေ ဝဲနေတယ်။ အပြင်က လူတွေကသာ ဝမ်းနည်းပြီး ရင်တွေစို့နေရတာ။
YOU ARE READING
နွေဦးပုံပြင်
Romanceနွေဦးရွက်ကြွေတွေနဲ့အတူ မျောလွင့်ပြီး ပျံသန်းလာခဲ့တဲ့ ငှက်မလေးအကြောင်း