"မေမေတို့နောက်၂ပတ်လောက်နေရင် ဂျယ်ဂျူးကိုအပြီးပြောင်းရတော့မှာ သား၊ ဒီအိမ်ကြီးကိုပါတစ်ခါတည်းရောင်းခဲ့တော့မယ်"
ကင်မိသားစုရဲ့ကင်ဂျီအွန်းဟာ ချောမောလှပတဲ့ရုပ်အဆင်းရှိပြီး ချမ်းသာကြွယ်ဝမှုတွေဝန်းရံထားသော်လည်း စိတ်သဘောထားပြည့်ဝတဲ့ကောင်လေးတစ်ယောက်ဖြစ်တာမလို့ ကင်အမျိုးသမီးဆီမှထွက်ပေါ်လာတဲ့စကားသံက သူ့ကိုစိတ်မကောင်းဖြစ်စေသည်။အမြဲလိုလိုအလုပ်ရှုပ်နေတဲ့မိဘတွေရယ်၊ခြေများတဲ့သူ့အကိုနဲ့သူ့ညီတို့ကြောင့် သူတို့ရဲ့နန်းတော်တမျှကြီးမားကျယ်ဝန်းလှတဲ့အိမ်တော်ဟာ မိသားစုဆိုတဲ့နွေးထွေးမှုကိုယူဆောင်လာနိုင်စွမ်းမရှိချေ။သို့သော်လည်း သူတို့အိမ်ကိုအမှီပြုပြီးအလုပ်လုပ်ကိုင်နေကြသူများရှိလေရာ စီးပွားချဲ့ထွင်ဖို့အတွက် ဒီအိမ်ကိုရောင်းချလိုက်မယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးနေသောကြောင့်သူတို့အနေနှင့်မည်သို့လုပ်ကိုင်စားသောက်မည်နည်း။ကိုင်းကျွန်းမှီ၊ကျွန်းကိုင်းမှီဆိုတဲ့စကားနဲ့အညီ ထိုအလုပ်သမားတွေက သူတို့နေထိုင်ရာစံအိမ်ကိုအမြဲသာယာလှပအောင်ပြုလုပ်ပေးနေတာမဟုတ်လား။
"ကျွန်တော်ဆိုးလ်မှာပဲနေချင်တယ် ဂျယ်ဂျူးမသွားချင်ဘူး"
ဂျီအွန်းရဲ့အငြင်းစကားကို ကင်မိသားစုကအံ့ဩသွားပေမယ့် သဘောကောင်းတဲ့သူ့မိဘတွေက သူ့ရဲ့ဆန္ဒကိုလိုက်လျောပေးပါသည်။
အလုပ်လုပ်ပြီးလျှင်အလုပ်သမားတန်းလျားဘက်ကိုသာ ပြန်သွားကြသည့်အလုပ်သမားများကြောင့် ဂျီအွန်းရဲ့အိမ်တော်ဟာသူတစ်ယောက်တည်းဖြစ်နေပြီး အနည်းငယ်တော့အထီးကျန်ဆန်သည်။ထိုအကြောင်းအရာတွေကိုလည်း ဂျီအွန်းက ကလေးလေးတစ်ယောက်လိုသူ့မိဘတွေဆီကိုမပြောတော့ပဲ မိဘများဆက်သွယ်လာချိန်တွင် နေရတာအဆင်ပြေကြောင်းသာမုသားပြောဆိုလိုက်သည်။အမှန်အတိုင်းဆိုလျှင် အရင်ကတည်းက ဇိမ်ခံပစ္စည်းတွေအပေါ်မှာမငြိတွယ်ခဲ့တဲ့ဂျီအွန်းအတွက် သူ့ဘေးနားမှာရှိနေတဲ့အရာတွေက သူကိုတော့အနည်းငယ်အနေကြပ်စေသည်။
မေမေ့မိတ်ဆွေရဲ့သားကသူတို့အိမ်ကိုလာမယ်ဆိုတဲ့စကားကို ဂျီအွန်းအနည်းငယ်အံ့ဩမိသည်။မိတ်ဆွေဖွဲ့လျှင်တောင် ငွေကြေးအဆင့်အတန်းကိုကြည့်တတ်တဲ့သူ့မိဘတွေကြောင့် ထိုကောင်လေးကနိုင်ငံရပ်ခြားမှာလည်း အခြားနေထိုင်စရာနေရာရှိနေနိုင်သည်မှာမလွဲဧကန်ပင်။ဘာလို့သူ့အိမ်ကိုရွေးချယ်တာလဲဆိုတာ ဂျီအွန်းမသိပေမယ့် ရစ်ခီနဲ့လဲတွေ့ဆုံဖူးတာကြောင့်လက်ခံလိုက်သည်။သို့သော် သူနဲ့တွေ့စဥ်ကလည်း ရစ်ခီကဂျစ်တစ်တစ်ပုံစံရှိပေမယ့် ဂျီအွန်းကကလေးချစ်တတ်သူမလို့အဆင်ပြေခဲ့သော်လည်း အခုတွေ့ဆုံချိန်မှာခပ်ဆိုးဆိုးလေးဖြစ်နေရင်တော့ခက်ရချည်သေးရဲ့။