ရစ်ခီ ၁၈နှစ် ဂျီအွန်း ၂၄နှစ်
တစ်ခါမှသူစိမ်းလူတွေ အိမ်မခေါ်လာဖူးတဲ့ကိုကို့ကြောင့် အိမ်ကထွက်သွားတဲ့မျက်နှာစိမ်းကောင်လေးရဲ့ကျောပြင်ကိုကြည့်ရင်း တံခါးဝမှာဖိနပ်ကပျာကပြာချွတ်ကာ ရစ်ခီအိမ်ထဲဝင်လိုက်သည်။
"ဟျွန်း ခုနကကဘယ်သူလဲ"
သူ့အမေးကြောင့် တံခါးဝဘက်ကိုလှည့်နေတဲ့ ကိုကိုကရစ်ခီဘက်ကိုအာရုံပြန်ရလာပြီး သူ့ကိုတိတ်ဆိတ်စွာကြည့်လာတာကြောင့် ရစ်ခီကိုကို့အဖြေကို အချိန်ပေးကာစိတ်ရှည်စွာစောင့်ဆိုင်းနေမိသည်။တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေတဲ့ကိုကို့ပုံစံကြောင့် ရစ်ခီ့နဖူးမှာချွေးစလေးတွေတွဲခိုလာပြီး လက်ဖျားတွေတောင်အေးစက်လာသည်။သူပြောလိုက်တဲ့မေးခွန်းက ဖြေဆိုဖို့အရမ်းခက်ခဲနေလို့လား။
"ဟျွန်းရဲ့ရည်းစားပါ"
လေဟာနယ်ထဲရောက်သွားသလို ရစ်ခီတစ်ကိုယ်လုံးအေးစက်သွားပြီး နှလုံးသားကအထိန်းအကွပ်မရှိအဆက်မပြတ်တုန်ခါလာသည်။ပိုင်ဆိုင်ဖို့မဝံ့ရဲတဲ့ မပိုင်ဆိုင်ရသေးတဲ့ အရာတစ်ခုကို တခြားသူကလက်ဦးရယူသွားကြောင်းသိလိုက်ရတဲ့အချိန်မှာ အတိုင်းအဆမရှိတဲ့ဝမ်းနည်းမှုတွေကြောင့် သူ့မျက်နှာကအပြောင်းအလဲမရှိတည်တံ့နေသော်ငြား သူ့ဘယ်ဘက်ရင်အုံကတစ်စစ်စစ်နဲ့နာကျင်လာသည်။
"အာ ဟုတ်လား ဂုဏ်ယူပါတယ် ဟျွန်း"
"အင်း အချိန်ရရင်မင်းနဲ့မိတ်ဆက်ပေးပါ့မယ်"
"ဟုတ် ကျွန်တော်ပင်ပန်းနေလို့ သွားနားတော့မယ်"
အသက်မပါတဲ့ ခပ်ရေးရေးအပြုံးလေးတစ်ခုကိုချိတ်ဆွဲရင်း လေးလံတဲ့ခြေလှမ်းတွေနဲ့အပေါ်ထပ်ကိုတက်သွားလိုက်သည်။အချစ်ဆိုတဲ့အရာကအပေါ်ယံကြည့်ရင် ကြည်နူးစရာပေမယ့် အချစ်ကိုနက်နက်ရှိုင်းရှိုင်းတွယ်တာမိတဲ့အခါ ဝမ်းနည်းပူဆွေးမှုတွေကပါနောက်ဆက်တွဲလိုက်ပါလာပေသည်။
ဆေးလိပ်ကိုခပ်ပြင်းပြင်းဖွာရှိုက်လိုက်ရင်း ခုံအနောက်ကို လျော့တိလျော့ရဲမှီချလိုက်သည်။သူ့ဝမ်းနည်းခြင်းတွေ ဆေးလိပ်မီးတွေနဲ့ပါသွားစေရန်ရည်ရွယ်ကာ ကုန်သွားတဲ့ဆေးလိပ်တိုလေးကိုပြာခွက်ထဲထည့်လိုက်ပြီး နောက်တစ်လိပ်ကိုချက်ချင်းမီးညှိလိုက်ပြန်သည်။