အနွေးဓာတ်
မနက်စောစောကျောင်းသွားရမည်ဖြစ်၍ ၇နာရီကို ညကတည်းက Alarm ပေးထားသဖြင့် ဖုန်းမှအသံမြည်လာသည်။အိပ်နေရာမှအသံကြားရ၍ ခေါင်းရင်းတွင်ပလက်ထိုးလျက်အားသွင်းထားသည့် ဖုန်းကို adapter ဆွဲဖြုတ်၍ alarm ပိတ်လိုက်ပြီး အခန်းထဲတွင်ရေမိုးချိုးရန်ပြင်တော့သည်။
ထို့နောက် ရေမိုးချိုးပြီး၍မနက်စာစားရန် အောက်ထပ်ကမီးဖိုခန်းထဲသို့သွားထိုင်လိုက်သည်။အမေဖြစ်သူ ဒေါ်နန်းရွှေရည်မှာ တကုပ်ကုပ်အလုပ်လုပ်နေ၍ ရေကြည်၀င်လာသည်ကိုပင် သတိမထားမိ။ ရေကြည်က စားပွဲဝိုင်းတွင်ထိုင်လိုက်ပြီးအသံပြုလိုက်မှ သမီးရောက်နေမှန်းသိတော့သည်။သမီးအကြိုက်ဆီချက်ခေါက်ဆွဲမွှေးမွှေးလေးကိုပြင်ဆင်ထားပြီး ရှေ့အရောက်ချပေးလျှင် -
"မာမား စားလေ"
"ပါပါးနဲ့စားပြီးပြီလေမီးရဲ့"
"ပါပါးကစောလှပါလား"
"စောတယ်လေ ပွဲရုံသွားပြီ"
"ဒီသမီးလေးတစ်ယောက်ရှိပါတယ် မျက်နှာလေးတောင်မကြည့်သွားဘူး"
"ပါပါးကိုစိတ်မဆိုးရဘူးလေမီးရဲ့"
"ပါပါးကအလုပ်လုပ်နေတာကိုကွယ်"
"အေးလေ မာမားကတော့ မာမား husband ကြီးဆိုတော့ အပြစ်မမြင်ပါဘူး"
"ချစ်ချင်တာပဲသိတဲ့နောက် အဲ့လိုလေ"
"ဒီကလေး မနက်စောစောစီးစီးရွှတ်နောက်နောက်နဲ့"
"မာမား"
"ပြောလေ မီး"
"ပါပါးကိုသိပ်ချစ်တာပဲလား"
"ချစ်လို့ နန်းရေကြည်ဖြစ်လာတာပေါ့ ကဲ"
"ဟယ် မာမားကလည်းဖြေမယ့်ဖြေတော့ ၀က်၀က်ကွဲကြီး"
"ကိုယ့်သမီးအပျိုလေးရှေ့ကို မာမားမပြောရဲတာမရှိဘူးနော်"
"အမေ့ထက်သမီးတစ်လကြီးနေတာလည်းထည့်ပြောလေမီး"
"စားတော့"
"ပြီးရင်ကျောင်းသွား"
"မာမားခဏနေရွှေဆိုင်သွားမယ်"