အချစ်ကြီးသူမင်္ဂလာပွဲမတိုင်ခင် အ၀တ်အစားကအစ ခေါင်းအစခြေအဆုံးပြင်ဆင်မှုများအတွက် သတို့သား၏အစ်မဖြစ်သူကစီစဉ်ပေးလေသည်။မန္တလေးမှနာမည်ကြီး fashion designer တစ်ဦးထံသို့ သတို့သား သတို့သမီးမင်္ဂလာ၀တ်စုံကိုအပ်ပေသည်။ဒေါ်သီတာထွန်းမြင့်၏မိခင်မှာ စိတ်ရင်းဓာတ်ခံကလေးက ရွှေရှိမှပြုံးပြချင်သည့် "ဒေါ်ရွှေပြုံး" ဖြစ်လင့်ကစား ဒေါက်တာသမက်ကိုပါးစပ်ဖျားကမချ။
မင်္ဂလာပွဲနှင့်ပတ်သတ်၍ကူနိုင်သမျှကိုရေကြည်ကူခဲ့ပါသည်။သို့ပေသော်ငြားလည်း နောက်ကွယ်မှကူညီမှုမျိုးသာရေကြည်လုပ်နိုင်ခဲ့ပေသည်။အနားအကပ်မခံသည့် အနာဂတ်ဒေါ်လေးလောင်းလျာကြောင့် လူအများရှေ့တွင်သာ ဟန်ဆောင်ပြုံးပြနေသော်လည်း စိတ်ထဲကမပါလှသည့်အခြင်းအရာ။စိတ်ထဲကမပါသည့်အပြုံးများ၊စကားသံများကို ဦးလေးဖြစ်သူနှင့်မိဘများရှေ့တွင် ဒေါ်သီတာထံမှကြားရတတ်ပါသည်။
တစ်ချိန်ကမိမိမျက်နှာပျက်လျှင် ချက်ချင်းချော့တတ်သူက ယခုတမင်မျက်နှာပျက်အောင်ပြုလုပ်နေသကဲ့သို့ရှိသည်။အဒေါ်တော်ရတော့မည့်ချစ်ရသူကို ရင်နာနာနှင့်စောင့်ကြည့်နေရသည့်အဖြစ်ကလည်း ရှေးကဇာတ်ပွဲများတွင်ကပြခဲ့သည့် ဇာတ်ထုပ်လိုဖြစ်နေသည်။
"သိုက်ဆရာကိုမှ လှေပေါ်တင်တယ်"
ဟူသောစာချိုးလေးပင်။သိုက်တွင်အစောင့်အရှောက်အဖြစ်ရှိခဲ့ဖူးသော မမြစိမ်းဆီသို့ သိုက်ဆရာကိုတည့်တည့်ကြီးခေါ်လာသည့် ယောင်္ကျားဖြစ်သူကိုဘုန်းကြွယ်ကဲ့သို့ပင်။နှလုံးသားကိုအသေသတ်မည့်သူကို အားကိုးရာအဖြစ်ယုံကြည်ကိုးစားမိသူတစ်ဦး၏ ကျရှုံးခန်းကြီးဖြစ်ပေသည်။နူးညံ့သယောင်နှင့်ရက်စက်ခဲ့သော အမျိုးသမီးအား စိတ်နာချင်ပါသော်လည်း မနာနိုင်သေး။
မင်္ဂလာပွဲမှာဘုန်းကြီးကျောင်းဆွမ်းကပ်ရန်စီစဉ်ထားသဖြင့် ဖိတ်စာ၊အကျွေးအမွေး၊မင်္ဂလာဆွမ်းကပ်မည့်ကျောင်းကိုရှာဖွေကြရသည်။အဖွားဖြစ်သူ၏ လှုမြဲကျောင်းဖြစ်သည့် မင်းဝံတောင်ရိုးမှ ဘုန်းကြီးကျောင်းတွင်ကျင်းပပြုလုပ်ရန်သတ်မှတ်လိုက်လေသည်။ဘုန်းကြီးအားလျှောက်ထားပြီးအပြန် ဒေါက်တာစိုင်းမြတ်မင်းနှင့်ဒေါ်သီတာတို့နှစ်ယောက် ထိုဘုန်းကြီးကျောင်း၏အပေါ်တွင်တည်ရှိသည့် ရှေးဘုရားတစ်ဆူဆီသို့သွားရောက်ဖူးမြော်ခဲ့ကြသည်။