"အချစ်၏ရေသောက်မြစ်"
တက္ကသိုလ်ကျောင်းသူဘ၀၏နောက်ဆုံးမှတ်တိုင်ဟု တင်စားနိုင်သည့် ဘွဲ့နှင်းသဘင်။သပ်ရပ်လှပလှသည့် ဘွဲ့နှင်းသဘင်ခန်းမနှင့်အတူ ဆိုင်းသံနှင့်အတူ လျှောက်လှမ်းလာသည့် ပါမောက္ခချုပ်အပါအ၀င် ပါမောက္ခများ၏ တည်ကြည်ခန့်ညားမှု၊စင်အောက်ကထိုင်ခုံများတွင် အစီအရီနေရာယူထားသည့် ဘွဲ့ယူမောင်မယ်များနှင့်မိဘများ။အိပ်မက်တမျှလင်းလက်တောက်ပနေလိုက်သည့်မြင်ကွင်း...။
ရေကြည်လည်းပညာစုံခဲ့လေပြီ။နေ့ပိုင်းဘွဲ့နှင်းသဘင်တွင်အချိန်ကုန်၍ ညနေပိုင်းတွင် တစ်မြို့လုံးပတ်၍ အထင်ကရဘုရားများ၊ပန်းခြံပါမကျန် ဘွဲ့နှင်းအမှတ်တရဓာတ်ပုံရိုက်နေရာ နေ၀င်တော့သည်။သူငယ်ချင်းသုံးယောက် ဘွဲ့နှင်းမတိုင်ခင်ကတိုင်ပင်ထားသည့်အတိုင်း ဇင်ဇင်တို့အိမ်တွင်စုအိပ်၍ convo ညကိုတစ်ပျော်တစ်ပါးကုန်ဆုံးရန်မှာ ယနေ့ညအထမြောက်ပြီဖြစ်သည်။
ဇင်ဇင်အိမ်၌ စားစရာသောက်စရာအပြည့်အစုံနှင့် ဂစ်တာတစ်ဒေါင်ဒေါင်တဒင်ဒင်။ရသမျှသီချင်းများကို အားရအောင်အော်ဟစ်ပြီးမှ မောလာကြသဖြင့် သုံးယောက်သားခဏနားကြလေသည်။ဇင်ဇင်နှင့်မိုးနှင်းကို အရင်းနှီးဆုံးသူငယ်ချင်းအဖြစ်သတ်မှတ်ထား၍ ယခုကိစ္စကိုတိုင်ပင်မိရာ၀ယ် -
"မိုးနှင်း ဇင်ဇင် ငါဖွင့်ပြောတော့မယ်"
"ဘာကြီးလဲ နင့်စကားက"
"Crush ကိုလား"
"တစ်နည်းအားဖြင့်လည်းမှန်ပါတယ်"
"ငါတီချယ့်ကိုချစ်တယ်ပြောလိုက်တော့မယ်ဟာ"
"ခုငါလည်းဘွဲ့ရနေပြီ လူကြီးဆိုတဲ့ဘောင်ထဲကိုငါလွတ်လွတ်ကျွတ်ကျွတ်၀င်သွားပြီ"
"မပြောဘဲ ဇာတ်မြောကြီးသွားနေတာက အဖြေမဟုတ်ဘူးလို့ငါတွေးမိလို့"
"နင်သတ္တိတကယ်ရှိလို့လား"
"ရှိတော့မရှိဘူးပေါ့"
"မရှိတိုင်းမပြောရတော့ဘူးလား"
"အဲ့တာကြီးကငါ့အတွက်ဆိုးတာ"