အပိုင်း - ၄
"မွှေးပျံ့ ထုံယစ်"
လရာသီအဆိုများထဲတွင် ငယ်စဉ်အခါကမူလတန်းသင်ခန်းစာ၌ပါ၀င်သည့် တပို့တွဲလ ထမနဲပွဲဟူသည့်စာသားကလေးကို ကျက်မှတ်ခဲ့ရဖူးသည်။အေးချမ်းလှသည့်ဆောင်းရာသီ၏ ရာသီပွဲတော်များတွင်ပါ၀င်လေသည်။မြန်မာလူမျိုးတို့၏ဓလေ့အရ တပို့တွဲလတွင် စုပေါင်းထမနဲထိုးပွဲများကို အနယ်နယ်အရပ်ရပ်တွင်ပြုလုပ်ကြလေသည်။
ထမနဲပွဲတွင် အနှစ်သာရအရှိဆုံးကစည်းလုံးမှုအင်အားကိုပြနေခြင်းပင်။ထမနဲသည်ကိစ္စများမြောင်သည့်အစားအစာဟုပြောလျှင်လည်းမမှား။"အုန်းသီးခြစ်ပါဦး ဂျင်းခွာပါဦး မြေပဲထောင်းပါဦး နှမ်းဖြူးပါဦး ဆီသတ်ပါဦး"စသည်ဖြင့် အဆင့်ဆင့်လုပ်ကြရပေသည်။ထမနဲထိုးရာ၌သုံးသော ကောက်ညှင်းဆန်၏စေးကပ်မှုက ယောင်းမကိုင်မွှေထိုးထိုးရသည့် ယောင်္ကျားသားတို့၏ ခွန်အားဗလကိုတစ်မျိုးတစ်မည်စမ်းသပ်ပြန်သည်။
ချွေးတဒီးဒီးကျအောင် မီးဖိုနားတွင်မိုးပြဲဒယ်နှင့် အားကောင်းမောင်းသန် ယောင်္ကျားသုံးလေးယောက်မှာ တစ်ယောက်ညောင်း တစ်ယောက်ပြောင်းစနစ်ဖြင့်ထိုးကြရသည်။မီးမှာအားအလွန်ကောင်း၍လည်းမဖြစ် အားအလွန်ပျော့၍လည်းမဖြစ်ပြန်။မီးကိုလည်းအနေတော်ဖြစ်အောင်ထားရပြန်သည်။သို့သော် ပင်ပန်းရကျိုးနပ်သည်ဟုသာဆိုချင်တော့သည်။
ယနေ့ကျောင်းတွင် ထမနဲထိုးကြရာ၌ မေဂျာမှဆရာဆရာမများနှင့်ကျောင်းသူကျောင်းသားများမှာ ဟေးဟေးဟားဟားနှင့် အမောဆိုသည်မှာမရှိ။လူငယ်တို့ပီပီ အမောကိုအပြောနှင့်ဖြေကြရင်း ကိုယ့်တာ၀န်ကိုယ်ပြီးအောင်လုပ်နေကြပေသည်။ဆရာဆရာမများကလည်း လိုအပ်သည့်ဂျင်းခွာ၊မြေပဲထောင်း၊ရေနွေးအိုးတည်၊အုန်းခြစ်နှင့်အုန်းသီးခြစ်၊နှမ်းထောင်း အသီးသီးအလုပ်များနေသည်။ထိုသို့အလုပ်များနေသည့်ကြားက ကျောင်းသူကျောင်းသားများကိုလည်းအထိန်းအကွပ်မပျက်။
"ဟေ့ ရေကြည် သမီးရေ တီချယ့်ကိုနှမ်းထောင်းလေးထည့်ဖို့ ဇလုံလေးယူပေးဦး"