အားပြိုင်ခဲ့သည့်စွမ်းအင်
"သီတာ အစ်ကိုနောက်ကျနေပြီ"
"မြန်မြန်လေးကွာ"
"ရပါပြီအစ်ကိုရယ် လောလိုက်တာ"
"မနေ့ညကဘောလုံးပွဲအကြည့်ကောင်းတာလေ အစ်ကို့အပြစ်""ခုမှလောမနေနဲ့"
"ဟုတ်ပါတယ်ကွာ အစ်ကိုနောက်ကျမှအိပ်တော့ နောက်ကျမှထမိတဲ့ဟောဒီမောင်ကြီးအပြစ်"
"မောင်ကြီးအပြစ် မောင်ကြီးသိပြီ"
"မောင်ကြီးဆေးခန်းကိုကြွတော့မယ်"
"ဘာမှာစရာရှိလဲမိန်းမ"
"မရှိပါဘူး"
"နေ့လည်ဆေးခန်းပိတ်တာနဲ့ရုပ်ရှင်လိုက်ပြမယ်ဆိုတာသာမမေ့နဲ့"
"မိန်းမသဘောကွာ"
"အစ်ကိုသွားမယ်"
ဆေးခန်းမှာ မနက်ခင်း ၉နာရီမှ နေ့လည်၁၁နာရီထိတစ်ချိန်ဖွင့်ကာ ညနေ၄နာရီမှ ည၈နာရီထိတစ်ချိန် စုစုပေါင်းနှစ်ချိန်ဖွင့်သည်။ဒီနေ့ဆေးခန်းသွားချိန်နောက်ကျနေ၍ ဒေါက်တာမြတ်မင်းကပြာကယာနှင့်ဆေးအိတ်ဆွဲကာ ကားဖြင့်ထွက်သွားပေသည်။အခန်းထဲတွင် ဒေါ်သီတာထွန်းမြင့်သာကျန်ခဲ့ပြီး ခင်ပွန်းအလုပ်အသွားတွင် အိပ်ရာကိုသပ်သပ်ရပ်ရပ် ခေါက်၍သိမ်းနေပေသည်။
လင်ကိုယ်မယားနေသည့်အခန်းဖြစ်သော်လည်း စည်းစနစ်ကျနလှသည့်ဒေါ်သီတာထွန်းမြင့်မှာမူ အခန်းတွင်းဖုန်တစ်မှုန်တောင်မရှိအောင် ဂရုစိုက်တတ်သည်။မနက်ခင်းခင်ပွန်းအတွက်ဝေယျာ၀စ္စပြီးလျှင် အိမ်မှုကိစ္စလုပ်ရသည်။တစ်အိမ်လုံးစာ ထမင်းဟင်းချက် အ၀တ်လျှော် အိမ်သန့်ရှင်း အကုန်အုပ်လုံးသိမ်းလုပ်သည်။ဤအရာသည် အိမ်ရှင်မတာ၀န်မည်သည်ဟု တွေးမိ၍ဖြစ်သည်။
စောင်များကိုခေါက်သိမ်းပြီး၍ ခေါင်းအုံးများကုတင်ခေါင်းရင်းတွင် စီလိုက်စဉ် ခေါင်းအုံးနှစ်လုံးကြားမှ ဖုန်းထွက်လာသဖြင့် -
"ဟော အစ်ကိုကတော့ မေ့ပြီ"
"ခုချိန်ဆိုဆေးခန်းတောင်ရောက်လောက်ပြီ"