ရွှေလက်တွဲ
လက်ထဲတွင် သုံးဆင့်ချိုင့်တစ်ချိုင့်နှင့်အတူ ဒေါ်သီတာထွန်းမြင့်အိမ်ဘက်သို့ နေ့လည်ဘက် ဒေါ်နန်းရွှေရည်သွားရောက်လေသည်။အိမ်ထဲ၀င်လာသော် လူသူအရိပ်အယောင်မမြင်၍ -
"သီတာရေ သီတာ"
"အိမ်မှာဘယ်သူမှမရှိကြဘူးလား"
"အန်တီ ဦးလေး"
လူစုံအောင်အော်ခေါ်ပြီးသည့်အခါလောက်မှ အပေါ်ထပ်လှေကားမှဆင်းလာသည့်ဒေါ်သီတာကို ဧည့်ခန်းထဲတွင်ချိုင့်ကိုင်လျက်ရောက်နေသည့် ဒေါ်နန်းရွှေရည်တွေ့လိုက်လေသည်။ဆံပင်ကိုကပိုကယိုသာထုံးထားပြီး နွမ်းဖတ်ဖတ်အမူအရာနှင့်ဆင်းလာကာ -
"ဖေဖေနဲ့မေမေမရှိဘူးအစ်မ"
"သီတာပဲရှိတယ်"
"အေး ဒါဆိုလည်းသီတာပဲချိုင့်လှယ်ပေးတော့"
"အစ်မဆိုင်ကကလေးတွေကိုနေ့လည်ဘက်ခေါက်ဆွဲသုပ်သုပ်ကျွေးရင်း အန်တီနဲ့ဦးလေးလည်းစားရအောင်လာပို့တာ"
"ဟုတ်ကဲ့ သီတာသွားလှယ်လိုက်မယ် ခဏစောင့်ဦးနော်အစ်မ"
"ရပါတယ်ကွယ်"
ချိုင့်ကိုလက်လွှဲပြောင်းယူလိုက်ပြီး မီးဖိုချောင်ဘက်သို့ထွက်သွားပေသည်။ခေါက်ဆွဲသုပ်နှင့်ဟင်းချိုရည်တို့ကို ချိုင့်အတွင်းမှ သင့်တော်ရာပန်းကန်များထဲသို့ ထည့်လိုက်သည်။ပြီးလျှင်ဘေစင်တွင် ချိုင့်ကိုပြန်ဆေးကြောကာ အစီအစဉ်တကျပြန်ထပ်လေသည်။ဆေးပြီးမှ ချိုင့်ကို ဧည့်ခန်းဆီသို့ပြန်ယူလာရင်း ထိုင်လိုက်သည်။ဒေါ်နန်းရွှေရည်အားချိုင့်ပြန်ပေးပြီး -
"ကျေးဇူးတင်ပါတယ်အစ်မ"
"ရပါတယ် မလိုပါဘူး"
"နေရတာရောအဆင်ပြေလား"
"နေထိုင်မကောင်းတာမျိုးရှိရင် အစ်မကိုဖုန်းဆက်နော် အားမနာနဲ့"
"ရပါတယ်အစ်မရယ် အစ်ကိုမရှိတော့တဲ့နောက် စိတ်ဓာတ်ကျသွားတာတော့အမှန်ပါ"
"အစ်မကိုလည်းသီတာအားနာလှပြီ"
"မလိုပါဘူးပြောပြီးသားပဲကွယ်"