လရောင်ဆမ်းသည့်နှုတ်ဆက်ချိန်
မနက်ခင်းကျောင်းတက်ချိန်ဖြစ်၍ အခန်းအသီးသီးမှ စာသင်သံ၊စာရွတ်ဖတ်သံတို့မှာညံစီနေသည်။ပန်းကလေးများပွင့်ဖူးလာကြမည့်ဖြစ်စဉ်အတွက် ရေလောင်းပေါင်းသင်ပေးကြသည့် ဆရာတို့၏အားကြိုးမာန်တက်သင်ပြနေမှုကလည်း ကြည့်နေရသည့်သူအဖို့ စိတ်ချမ်းသာရသည်။ပီတိစား၍အားရှိသည်ဆိုသည်မှာ အမှန်ပင်ဖြစ်တော့သည်။မနက်ခင်းအချိန်တွင်ကျောင်းရောက်ရောက်ချင်း ရုံးခန်းထဲခဏ၀င်ကာ လမ်းက၀ယ်လာသည့်ပန်းကုံးအချို့ကို ဘုရားစင်တွင်ချိတ်၍ ပူဇော်လိုက်ပြီး အမွှေးနံ့သာတိုင်တို့ကိုပါတစ်ခါတည်းပူဇော်သည်။မင်္ဂလာရှိသောနံနက်ခင်းကို ကောင်းမှုဖြင့်ကြိုဆိုလိုက်ပေ၏။သန့်ရှင်းရေး၀င်လုပ်ပေးမည့်သူရှိသော်လည်း ကိုယ်တိုင်လုပ်မှအားရတတ်သည့် ဒေါ်နှင်းရည်သန့်တစ်ယောက် တံမြက်စည်းနုတစ်ချောင်းကိုင်ကာ အခန်းတွင်းလှည်းကျင်းနေလေသည်။
နံနက်ခင်းအလုပ်စားပွဲတွင်မထိုင်ခင် ကျောင်းခန်းများဘက်ကိုခဏလှည့်ချင်၍ ထွက်လာပေသည်။ရုံးခန်းမှာ အောက်ထပ်အစွန်ဆုံးအခန်းဖြစ်၍ အောက်ထပ်မှ အခန်းများကို အရင်၀င်လိုက်သည်။၀င်၀င်ချင်း ကလေးများက လက်အုပ်ကလေးများချီကာ မတ်တပ်ရပ်လိုက်ပြီး -
"မင်္ဂလာပါတီချယ်ကြီး"
(သံပြိုင်)"အေး အေး မင်္ဂလာပါကွယ်"
"ထိုင်ကြနော်"
"ကျေးဇူးတင်ပါတယ်တီချယ်ကြီး"
(သံပြိုင်)ကလေးများပြန်ထိုင်သွားလျှင် တာ၀န်ကျဘာသာပြဆရာမအား ဆက်သင်ရန်ဟန်ဖြင့်ညွှန်ကြားလိုက်သဖြင့် ဆရာမကစာဆက်သင်နေပေသည်။အခန်းတွင်း လှည့်ပတ်ကြည့်၍ စာသင်သည်ကိုခဏကြည့်ပြီး ပြန်ထွက်လာကာ အခြားအခန်းများအားတစ်ခန်း၀င် တစ်ခန်းထွက် စစ်ဆေးရင်း လေ့လာပေသည်။
ထိုသို့ပြုလုပ်သည့်အခါ ဆရာများ၏လိုအပ်ချက်သော်လည်းကောင်း၊ကျောင်းသူကျောင်းသားများအတွက် ဖြည့်ဆည်းပေးရမည့်လိုအပ်ချက်များကိုသော်လည်းကောင်း မြင်နိုင်မည်ဟု ယူဆထားသောကြောင့်ဖြစ်သည်။မိဘ၊ဆရာ၊ကျောင်းသားသည် သုံးဦးသုံးဖလှယ် အချိတ်အဆက်မိမှသာ ပညာမျိုးစေ့ချစိုက်ပျိုးခြင်းမှာ အောင်မြင်ခြင်းသို့ရောက်လေသည်။