"မျက်နှာစုံညီ"မနက်ခင်း၇နာရီခွဲခန့်အချိန်တွင်ဖြစ်သည်။ကျောင်းဝန်းအတွင်း သွားလာလှုပ်ရှားနေသည့် အရောင်စုံအသွေးစုံသတ်လတ်ပိုင်း၊သက်ကြီးပိုင်းအရွယ်များကိုတွေ့ရသည်။ကျောင်း၏အရှေ့ဘက်ဝင်ပေါက်တွင်လည်း ဗီနိုင်းဆိုင်းဘုတ်ကြီးကိုထင်းထင်းကြီးချိတ်ဆွဲထားလေသည်။ကျောင်း၏အရှေ့ဘက်ဝင်ပေါက်မှကြည့်လျှင် basketball ကွင်းအနီးဆောက်ထားသည့် မဏ္ဍပ်ကြီးကိုလည်းထင်ထင်ရှားရှားတွေ့နေရသည်။
မဏ္ဍပ်ဘယ်ဘက်ခြမ်းတွင်လည်း Hall တစ်ခုရှိရာ ထို Hall ရှေ့တွင်လူသွားလူလာမပြတ်ပေ။ကွင်းထဲတွင်လည်း ဆိုင်ကယ်စတန်းနေရာတွင်ဆိုင်ကယ်များအစီအရီ။ကားထားရမည့်နေရာတွင်လည်း ကားများကညီညီစီထားလေသည်။ကျောင်းဝန်းတစ်ခုလုံးလူသံ၊ဓာတ်စက်သံတို့ဖြင့် ညံစီနေသည်။ဤနေရာကား စစ်ကိုင်းမြို့၏ အမျိုးသားကျောင်း သို့တည်းမဟုတ် နေရှင်နယ်ကျောင်းဟုခေါ်သည့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းပင်။
ထ ၂ ဟုအလွယ်ခေါ်ကြသည့်ထိုကျောင်း၏ ကျောင်းသူကျောင်းသာဟောင်းများကဦးစီးကျင်းပသည့်ဆရာကန်တော့ပွဲနေ့ဖြစ်သည်။မနက်စောစောစည်ကားသိုက်မြိုက်နေသည့်ထိုကျောင်းဝန်းကြီးထဲတွင် ဒေါ်သီတာထွန်းမြင့်တို့သူငယ်ချင်းတစ်စုလည်းရောက်ရှိနေသည်။မိမိတို့ပညာသင်ကြားခဲ့သည့် ပညာသင်နှစ်မှသူငယ်ချင်းအပေါင်းအသင်းများနှင့် စကားဖောင်ဖွဲ့၍ ပြောစရာရှေးဟောင်းနှောင်းဖြစ်များမှာလည်းမကုန်။
"ရည်သန့်လှလိုက်တာအေ"
"အရင်တစ်ပတ်က နင်မန္တလေးအိမ်ကို ဆရာကန်တော့ပွဲအတွက်အလှူငွေကောက်လာတုန်းကနဲ့မတူပါလားအေ့"
"တူးမာရဲ့ ညည်းကလည်းအဲ့ဒီတုန်းကငါက နေသိပ်မကောင်းတော့ ဘာမြှပင်မလာတာ"
"ကားတောင်မနည်းမောင်းရတယ်"
"တူးမာ နင်ရောငါ့အိမ်ကိုတောင်မလှည့်လာဘူး"
"အမယ်လေးအေ တစ်နေ့နေ့ ငါ့မှာဒီကျောင်းနဲ့သွားလာလှုပ်ရှားနေရတာ"
"ပိတ်ရက်အိမ်ရောက်လည်းလင်နဲ့သားနဲ့ အားတယ်ကိုမရှိဘူး စိတ်ကရောက်တယ် လူပဲမရောက်တာပေါ့အေ"