၀င်္ကပါအချစ်နှင့်အကြင်နာစစ်
ညနေမစောင်းခင်အချိန်တွင် ပြင်ဦးလွင်မှပြန်ဆင်းလာခဲ့ကြရာ မိုးမချုပ်ခင်လေးစစ်ကိုင်းကိုပြန်ရောက်လာခဲ့သည်။ရေကြည်ကိုအသွားကလည်းလာခေါ်ခဲ့၍ အပြန်လည်းလိုက်ပို့ရမည့်တာ၀န်အရ ထိုနေ့ကရေကြည်တို့အိမ်ရောက်ခဲ့ပြန်သည်။အိမ်ထဲအ၀င် တစ်ဖက်အိမ်မှ ရေကြည်တို့ခြံ၀ရောက်နေသည့်လင်မယားနှင့်တိုး၍ ခြံ၀တွင်ကားစက်နှိုးရင်းခဏရပ်လိုက်လျှင် ဒေါက်တာစိုင်းမြတ်မင်းမှအရင် -"ရည်သန့်နဲ့ရေကြည်ပါလားဟ"
"ငါ့တူမ ညည်းဘယ်ကပြန်လာတာလဲ"
"မေမြို့ကပါလေးမြတ်"
"ငါလည်းမသိလိုက်ပါလားဟာ"
"ဒါမှန်းသိဝိုင်ပုလင်းတို့ ယိုပုလင်းတို့မှာတယ်"
"ညည်းပဲကြိတ်သွားနေတာလား"
"ဟယ် ခုမှရောက်တာကိုမြတ်မင်းရယ် စကားပေါတာ"
"ပေါချင်ရင်အထဲမှပေါစမ်းပါဟာ"
"ဆရာမကလည်း နင်ကလည်းငါ့အိမ်သူလိုပဲ လူမြင်ရင်ဟိန်းလားဟောက်လားနဲ့ကျားမျိုးတွေ"
"Blame ချင်ရင်အထဲရောက်မှဆက်"
"ငါ၀င်ပြီအရင်"
ကားထဲတွင်ရေကြည်ကို သူငယ်ချင်းနှင့်တွဲမြင်လိုက်ရသည့် အမှတ်မထင်မြင်ကွင်းက ရင်ကိုအနည်းငယ်မောဟိုက်သွားစေသည်။မဆိုင်သူအတွက် ပထမဆုံးဖြစ်သည့်ခံစားချက်ဟုဆိုရမလားမသိ။ပျော်ရွှင်မြူးထူးစေသည့်ခံစားချက်တော့မဟုတ်ပေ။စကားများထား၍ ခင်ပွန်းနောက်တွင်သာရပ်နေပြီး စကား၀င်မပြောခဲ့သော်လည်း ယခုမြင်ကွင်း၌ ဒေါ်နှင်းရည်သန့်သည် မထီမဲ့မြင်လုပ်နေသည်ဟုသာထင်မိသည်။
ကားမှာအိမ်ရှေ့တွင်ရပ်လိုက်စဉ် အထဲမှ ရေကြည်နှင့်ဒေါ်နှင်းရည်သန့်ထွက်လာသည်။ကားနောက်ခန်းမှ လက်ဆောင်ပစ္စည်းအချို့အား ဒေါ်နှင်းရည်သန့်ထုတ်နေစဉ် ရေကြည် ဒေါ်သီတာထွန်းမြင့်ကိုလှမ်းကြည့်မိသည်။အရင်လိုရန်လိုနေသည့်မျက်လုံးများမှာတော့မပြောင်းလဲသေးပေ။ရေကြည်စိုက်ကြည့်နေသည့်မျက်လုံးများကို ဒေါ်သီတာထွန်းမြင့်မှ အဓိပ္ပာယ်ပါပါပြန်ကြည့်လိုက်ရင်း ဦးလေးဖြစ်သူနှင့်အတူ အိမ်ထဲသို့၀င်သွားလေသည်။