အပိုင်း - ၇(Unicode)

1.6K 168 9
                                    

                   အမုန်းကျိန်စာ

       ကားကိုအိမ်သို့ခပ်မြန်မြန်မောင်းလာခဲ့ပြီး တစ်လမ်းလုံးလည်း နန်းရေကြည်အပေါ်ဒေါသကမပြေပေ။ဆရာတပည့်ဆက်ဆံရေးကို ဤသို့ပြောင်းလဲခဲ့သည့်တပည့်မိုက်ကို ကမ္ဘာပေါ်၌အပြင်းထန်ဆုံးအပြစ်ကိုသာပေးချင်သည်။ပတ်၀န်းကျင်အသိုင်းအဝိုင်းကြားတွင် တစ်မဟုတ်ချင်းပျံ့နှံ့သွားပါက သီတာထွန်းမြင့်ဆိုသည့်မိန်းမ၏ဂုဏ်သိက္ခာမှာ ရေစုန်မျောရန်သာကျန်တော့သည်။

      မိမိအနေဖြင့် တစ်ခါတစ်ရံထူးခြားသောခံစားချက်အချို့ရှိခဲ့ဖူးသော်လည်း ထိုအရာသည် အချစ်ဟူ၍မယုံကြည်နိုင်ပါ။တပည့်အပေါ်တွင်ချစ်သည့် ဆရာ့စိတ်ပဲဖြစ်ပါလိမ့်မည်။ထိုအရာသည်လည်း အရောင်ဆိုးကောင်းသည်မဟုတ်။တစ်သက်နှင့်တစ်ကိုယ် ဒီတစ်ခါလောက်မရှက်ခဲ့ဖူးပါ။အိပ်မက်ဆိုးသာဖြစ်လိုက်ချင်တော့သည်။

       ရှုပ်ထွေးများပြားလှသည့်အတွေးတို့ဖြင့် ဒေါ်သီတာ၏မျက်နှာမှာ နူးညံ့ခြင်းအလျင်းမရှိ မာကျောခက်ထန်နေလေသည်။စတီယာရင်ကို လိုအပ်သည်ထက်ဆုပ်ထားမိပြီး တလှိမ့်လှိမ့်တက်လာသည့် ဒေါသတို့ကိုလက်တို့ဆီပို့လွှတ်နေ‌သယောင်။ခပ်မြန်မြန်မောင်းလာ၍ အိမ်သို့ခဏအတွင်းရောက်လာသည်။ အိမ်ရှေ့တွင်ကားရပ်ကာ အခန်းဆီသို့တက်သွားပြီး တံခါးကိုပိတ်၍ ကုတင်သေးသေးလေးပေါ်တွင် ထိုင်လိုက်သည်။

      ဒီကြိတ်မနိုင်ခဲမရဝေဒနာမှာ မိမိရင်ထဲသို့တစ်ဆို့နေတုန်းပင်။သံယောဇဉ်က ဤမျှနှင့်အဆုံးသတ်သွားပြီဟုထင်သည်။အဆုံးသတ်သွားမှသာ ပုံမှန်မဟုတ်သည့်ကိစ္စကြီးကပြီးဆုံးပေမည်။ကိုယ်တိုင်လည်း နန်းရေကြည်နှင့်ပတ်သတ်၍ ဘာဆိုဘာမှမကြားချင်တော့။"ချစ်တယ်" ဆိုသောစကားလုံးက နန်းရေကြည်ကိုနောက်ထပ်မမြင်ချင်တော့သည့်အကြောင်းရင်းဖြစ်လိမ့်မည်။

        မှန်တင်ခုံတွင်ထားထားသည့်ပုလဲဆံထိုးကိုကြည့်မိစဉ် နန်းရေကြည်နှင့်ပတ်သတ်သည့် ထိုညကိုသတိရသွားသည်။ထို့ကြောင့် ဆံထိုးကိုထယူ၍ အခြားသောပစ္စည်းအချို့ကို မှန်တင်ခုံအံဆွဲထဲတွင် မွှေနှောက်လိုက်သည်။ထို့နောက်ဘူးတစ်ခုအတွင်းစုထည့်လိုက်ပြီး ကုတင်အောက်သို့ ထားလိုက်သည်။မိမိအနီးတွင်နန်းရေကြည်၏အငွေ့အသက်ဟူ၍ ဘာဆိုဘာမှမမြင်ချင်၍ပင်။

သီတာရေကြည်(Completed) (Unicode+Zawgyi)Wo Geschichten leben. Entdecke jetzt