"Sean ရဲ့ပန်းချီတွေကို ကျွန်မအမျိုးသားက သိပ်သဘောကျတာလေ ... ။ Sean မအားတဲ့ကြားက ပြင်သစ်ကနေ ဒီအထိကိုယ်တိုင်လိုက်လာပေးလို့လည်း တကယ်ကျေးဇူးတင်ပါတယ်"
မန်နေဂျင်းဒါရိုက်တာအမျိုးသမီးက သူမရဲ့လက်ထောက်လေးလက်ထဲက စာချုပ်ကို ကြည့်ရင်း သဘောတကျဆိုတယ်။ အပြုံးနုနုကို ဆင်မြန်းထားတဲ့ သတ်လတ်ပိုင်းအရွယ်အမျိုးသမီးဟာ လက်ထောက်လေးကို ရှောင်းကျန့်သာပါမလာရင် ပြင်သစ်ကနေ ပြန်မလာနဲ့ဆိုပြီး တစ်ချက်လွှတ်အမိန့်ထုတ်ပြီး ပြည်တော်နှင်လိုက်သူ မဟုတ်သလိုပါပဲ။
ဌာနချုပ်နဲ့ ရုံးခွဲတွေရဲ့ lobby မှာ ပန်းချီချိတ်ဖို့အရေး ပဲရစ်စ်မှာ ပြခန်းအသစ်အတွက် အလုပ်များနေတဲ့ ရှောင်းကျန့်ကို စတူဒီယိုထဲကနေ မရရအောင် လိုက်ဆွဲထုတ်လာခဲ့ကတည်းက ဒီအမျိုးသမီးက တော်ရုံခေါင်းမာတဇွတ်ထိုးဆန်တာမဟုတ် ... ။
"Theme ကတော့ Sean သဘောကျပဲလုပ်ပါ။
အိမ်ကလူကြိုက်လို့သာ လိုက်ကြိုက်နေတာ ... ကျွန်မက ပန်းချီတွေအကြောင်း သိပ်နားလည်တာ မဟုတ်ဘူးလေ"ရှောင်းကျန့်ကတော့ သူခေါက်လက်စ စက္ကူကြိုးကြာကို အပြီးသတ်ရင်း အလုပ်သဘောဆောင်တဲ့အပြုံးနဲ့ပဲ ပြန်ပြုံးပြတယ်။
"ဒါနဲ့လေ ... Sean ... ကျွန်မတစ်ခုမေးလို့ရမလား"
အမျိုးသမီးက စားပွဲထက်ကိုယ်ကို အသာကိုင်းလာတယ်။ တဖျတ်ဖျတ်တောက်နေတဲ့ မျက်လုံးတွေက သူ့ကို ငြင်းဖို့ရာ အားနာသွားစေတာမို့ ခေါင်းပဲ အသာငြိမ့်ပြလိုက်မိတယ်။
"Sean ချစ်ရတဲ့သူတစ်ယောက်ယောက်နဲ့ ဝေးသွားဖူးတယ်မလား"
"??"
"ဘယ်လိုပြောရမလဲ။ Sean ရဲ့ပန်းချီတွေကိုကြည့်လိုက်တိုင်း ရင်ထဲမှာ လွမ်းဆွေးဆွေးခံစားချက်တစ်မျိုးအမြဲခံစားမိလို့လေ ... "
မေးခွန်းက ရိုးရိုးလေး ... ။ ဘာမှထူးခြားနေတာ မဟုတ်ဘူး။ ဒါပေမယ့် ရှောင်းကျန့်က ဘာမှပြန်မဖြေနိုင်တော့ဘူး။
"ဒါ Sean ရဲ့လက်ရာကို ပထမဆုံးစမြင်ခဲ့ကတည်းက ကျွန်မတအားသိချင်နေခဲ့တာဆိုတော့ မထိန်းနိုင်ပဲ မေးမိသွားတာ... ရိုင်းသွားရင် စိတ်မရှိပါနဲ့နော် "