"ကျင်းကော် ...
မင်းတစ်ကောင်တည်းနေရရင်လေ ...
အထီးမကျန်ဘူးလား"ပြာမှိုင်းနေတဲ့ ပန်းချီကားကို သိမ်းပြီးတော့ ဆိုဖာပေါ်သာသာလေးလှဲရင်း ရှောင်းကျန့်က ပြတင်းဘောင်ပေါ်ထိုင်နေတဲ့ ကျင်းကော်ကို မေးတဲ့အခါ ကျင်းကော်က ငြိမ်ငြိမ်လေးပဲထိုင်ရင်း သူ့ကိုပြန်ကြည့်တယ်။
"ကောတော့ အရမ်းအထီးကျန်တာပဲ"
နေဝင်နေပြီဖြစ်ပေမယ့် မီးမဖွင့်ပဲနေလိုက်တယ်။ တမင်မပိတ်ထားတဲ့ လသာဆောင်တံခါးကတစ်ဆင့် အအေးဓာတ်က စိမ့်ဝင်လာတယ်။
တစ်စတစ်စ အေးစက်ချင်လာတဲ့ခန္ဓာကိုယ်ကို လစ်လျူရှုထားလိုက်တယ်။ အအေးဓာတ်ကို ဂရုစိုက်ဖို့သူငြီးငွေ့နေတယ်။
ပင်ပန်းလိုက်တာ တကယ် ... ။
အသေကောင်လိုငြိမ်ငြိမ်လေးလှဲနေချင်မိတဲ့ အခိုက်အတန့်တွေ ပိုစိတ်လာပေမယ့် ဆေးတွေကိုလည်း သူသောက်ချင်စိတ်ရှိမနေဘူး။
ဖေးကော သိရင် သူ့ကို ဆူတော့မှာပဲ။ ဆေးသောက်ဖို့ ဂရုတစိုက်မှာတဲ့ ရှင်းဟွေရဲ့စာတိုကလေးတွေကလည်း စိတ်ဆိုးကြလိမ့်မယ်။
ဒါပေမယ့် သူဘာကိုမှမလုပ်ချင်နေတာ ဘယ်လိုလုပ်ရမလဲ။
ဆင်စွယ်ရောင်နုနုမျက်နှာကျက်ကို မော့ကြည့်ရင်း ခဲပြာရောင်ဖျော့ဖျော့လေးပြောင်းပစ်ရမလား တွေးမိတယ်။ လွန်ခဲ့တဲ့ခြောက်နှစ်က ဝမ်ရိပေါ်ရဲ့ ဆံပင်တွေလိုမျိုးလေ ... ။
ပြုံးလိုက်မိရင်းက ရင်ထဲနာလာတယ်။
အဲ့ဒီခဲပြာရောင်လေးကို သူဘာလို့များစွန့်လွှတ်ခဲ့မိတာလဲ။
ဘက်စုံတော်နိုင်လွန်းတဲ့သူ့ချစ်သူကောင်လေး စကိတ်စီးရင် ဗီဒီယိုရီကော်ဒါတစ်လုံးနဲ့ ရိုက်ရင်း ဘေးကထိုင်ကြည့်နေရရုံနဲ့ ပျော်ခဲ့တာတွေကို သူသတိရမိတယ်။
အန်တိုနီယိုရဲ့အဘွား အယ်လီဆီ အလည်သွားရင် စားရတတ်တဲ့ မက်ဆီကန်ရိုးရာအစားအစာတွေကိုလည်း သူလွမ်းတယ်။ မှန်ရာပြောရရင် အဲ့ဒီကောင်လေးနဲ့အတူစားခွင့်ရတဲ့ ညစာဖြစ်လို့ လွမ်းတာ ... ။