လူတစ်ချို့ကပြောတယ်။
အတိတ်က လူတစ်ယောက်နဲ့ ပြန်တွေ့ရရုံပဲကို ဘာတွေများ အဲ့လောက်ခက်ခဲနေရတာလဲတဲ့။
တွေးကြည့်တော့လည်း ဟုတ်တာပါပဲ။
ဘာတွေများ ခက်ခဲလို့လဲ?'မင်း ဒီအတောအတွင်း အဆင်ပြေရဲ့လား' ဆိုတဲ့ စာကြောင်းလေးတစ်ကြောင်းတောင် နှုတ်ဖျားက မထွက်နိုင်တာကလွဲရင်ပေါ့ ... ။
ဝမ်ရိပေါ်ဟာ သူ့အတွက်တော့ ဘယ်သောအခါမှ မေ့ဖျောက်လို့မရမယ့် အလှဆုံးသော ဘဝအစိတ်အပိုင်းတစ်ခုဖြစ်ပြီး အနက်ဆုံးသော ဒဏ်ရာလည်း ဖြစ်ပြန်တယ်။
[ ရိပေါ် ... မင်း ကောကို ဆွဲမထားတော့ဘူးလား? ]
[ ကိုယ်ဆွဲထားရင်ရော ကျန့်ကော ... မင်းမသွားပဲနေမှာလား? ]
ဝမ်ရိပေါ်နဲ့သူ ဝေးခဲ့ကြတုန်းက အနာတရတွေနဲ့လို့ဆိုရလောက်အောင် မဟုတ်ပေမယ့် ပြန်တွေ့တာနဲ့ ဘာမှမဖြစ်သလို ပြုံးပြနှုတ်ဆက်ရင်း စကားဖောင်ဖွဲ့နိုင်လောက်တဲ့အခြေအနေမျိုးလည်း မဟုတ်ပြန်ဘူး။
ဝမ်ရိပေါ်ကို ပြန်မြင်ရတာဟာ အစိမ်းသက်သက်ဆွဲထုတ်ခံခဲ့ရတဲ့ ကိုယ့်နှလုံးသားကိုကိုယ် ပြန်မြင်နေရသလိုပဲ။
တစ်ဖက်လူရဲ့ ရှေ့မှာ ရပ်နေရတဲ့ စက္ကန့်နဲ့အမျှ ဆို့နင့်လာရတယ်။
သူက အတင်းဖိအားပေးထားရတဲ့ အပြုံးတစ်ခုနဲ့ ဒီအတိုင်း ရပ်နေတဲ့အခါ ဝမ်ရိပေါ်ကလည်း ဘာတစ်ခုမှမပြောပဲ ဒီအတိုင်း သူ့မျက်နှာကို ဒီအတိုင်း စူးစူးနင့်နင့် စိုက်ကြည့်နေခဲ့တယ်။
သိပ်ချစ်ခဲ့ဖူးတဲ့ လူနှစ်ယောက်ဟာ မတော်တဆ ပြန်တွေ့တဲ့အခါ အချင်းချင်း ပြောစရာစကားတစ်ခွန်းတောင် ရှိမနေခဲ့ ... ။
"ဝမ်ရိပေါ် ... မင်း .. ကောကို ပြောစရာရှိလို့လား?"
တင်းကြပ်လာတဲ့ လည်ချောင်းက အသံကို အားစိုက်ညှစ်ထုတ်တော့ ကြောက်စရာကောင်းလောက်အောင် ခြောက်ကပ်ဖြစ်နေတဲ့ ကိုယ့်အသံကိုယ် ပြန်ကြားရတယ်။
"ရိပေါ် ကော ... "
ခပ်ထွေထွေဖြစ်နေတဲ့ ကောင်မလေးက ယိုင်ထိုးထိုးနဲ့ ဝမ်ရိပေါ်အနားကို ရောက်လာတယ်။ သန်မာတဲ့လက်တွေက ပခုံးသေးသေးလေးကို သိုင်းဖက်ထိန်းပေးလိုက်တဲ့ အချိန်မှာ သူ ရုတ်တရက်ကြီး ဒီနေရာမှာ ဆက်မနေချင်တော့ဘူး။