ကိုယ်ဘာကို အကြောက်ဆုံးလဲလို့ ချစ်သောက မေးတယ်။
ခင်ဗျားရဲ့ ဆန္ဒတိုင်းကို မဖြည့်ဆည်းပေးနိုင်မှာ အကြောက်ဆုံးလို့ ကိုယ်က ဖြေခဲ့တယ်။
အဲ့ဒီလို ဆန္ဒတွေကို ဖြည့်ဆည်းပေးချင်ခဲ့တဲ့ ကိုယ်က ခင်ဗျားထွက်သွားချင်ရင်တောင် မတားရက်ခဲ့တဲ့အထိ ... ။
ထွက်သွားတဲ့ကျောပြင်လေးကိုငေးကြည့်ရတာ မွန်းကြပ်နာကျင်ရလွန်းလို့ ကမ္ဘာပေါ်ကနေပျောက်ကွယ်သွားလိုက်ချင်တယ်။
ဒါပေမယ့် ချစ်ရတဲ့သူ စိတ်တိုင်းကျအားလုံးလုပ်ပေးနိုင်တဲ့အတွက် သူနောင်တမရဘူး။အဲ့ဒီလူ လိုချင်တာ ဘာမဆို သူကပေးမယ်။
သူ့နှလုံးသားကို ယူပြီး ထွက်သွားမယ်ဆိုရင်လည်း သူက ရပ်ကြည့်ရင်းနေခဲ့မယ်။
ဒါဟာ သူခံယူထားတဲ့ သူ့ရဲ့ချစ်ခြင်း ... ။
စီးကရက်ငွေ့တွေက လေထဲကို လွင့်သွားတယ်။
ပြင်သစ်ပြတင်းကနေ အပြင်ကိုကြည့်နေတဲ့ မျက်ဝန်းညိုရင့်ရင့်တွေက ညို့သွားတယ်။အအေးဓာတ်ကြောင့် မှန်သားထက်မှာက ရေငွေ့ပါးပါးရိုက်နေပေမယ့် ပတ်ဝန်းကျင်မြင်ကွင်းကို ကောင်းကောင်းမြင်ရဆဲ ... ။
မိုးရွာပြီးစ သစ်ပင်တွေက ခပ်စိမ်းစိမ်း ... ။
လူမရှိတဲ့ ပန်းခြံရဲ့ ရေကန်ထက်မှာ ရေငွေ့တွေက ပါးပါးဝေလို့ ... ။အလုပ်နဲ့နီးလို့ လာနေဖြစ်တဲ့ ဒီတိုက်ခန်းမှာ သူအကြိုက်ဆုံးအချက်က ဒီပြတင်းပေါက်တွေပဲ။
သူက အပြင်ကိုငေးရတာ မကြိုက်ဘူး။
သူက အဲ့လိုကဗျာဆန်တဲ့သူမှ မဟုတ်...။အဲ့ဒီလိုငေးရတာကိုကြိုက်တဲ့ ကဗျာဆန်တဲ့လူကို နောက်ကဖက်ထားရတာကိုပဲ သူကြိုက်တာ...။
ခါးသွယ်သွယ်နဲ့ ကိုယ်နွေးနွေးက ခြောက်နှစ်ကြာသွားရင်တောင် သူမမေ့မယ့် အနွေးဓာတ်လေး ... ။
သိပ်ကိုချစ်ခဲ့ပါတယ်။
ချစ်ပြီးရင်း ပိုပိုချစ်ခဲ့တယ်။
ပြီးတော့ ရုတ်တရတ် ဆုံးရှုံးလိုက်ရတယ်။ဘာအကြောင်းပြချက်ရေရေရာရာ မသိပဲနဲ့လေ...။
"ရိပေါ်..."