ခြောက်နှစ် ... သုံးလနဲ့ ၁၇ရက် ... ။ရှောင်းကျန့်နဲ့သူဝေးခဲ့တာ အဲ့ဒီလောက်ထိ ကြာခဲ့ပြီ။
ဘာအကြောင်းပြချက်မှ မပေးဘဲ သူ့ကိုထားခဲ့တဲ့ အမျိုးသားက လွန်ခဲ့တဲ့ တစ်နှစ်က ဧပြီမိုးဖွဲဖွဲတွေနဲ့သူ့ဆီ ပြန်ရောက်လာခဲ့တယ်။
လော့ယွီနဲ့ တွဲထားခဲ့တဲ့ သူ့လက်တွေကို စိုက်ကြည့်ရင်း ပြိုတော့မယ့် တိမ်စိုင်ညိုတွေနဲ့ ရဲတက်လာတဲ့မျက်လုံးတွေ ... ။ ပြီးတော့ အလှဆုံးပြုံးနေသေးတဲ့ နှုတ်ခမ်းတွေ ... ။
ဘယ်သောအခါမှ မေ့နိုင်လိမ့်မယ်မထင်ပါဘူး။
သူ့ကို ထားခဲ့တဲ့ ရှောင်းကျန့်ကြောင့် သူ့ရင်မှာ ဒဏ်ရာတွေနက်ခဲ့ရတယ်ဆိုရင် ပြန်လာတဲ့ ရှောင်းကျန့်ကို ဆီးကြိုပွေ့ဖက်မပေးနိုင်ခဲ့တဲ့ သူကလည်း ရှောင်းကျန့်ကိုအနာတရတွေ ပေးခဲ့မိတာပါပဲ။
ရှောင်းကျန့်က မာနကြီးတယ်။ နာကျင်နေရင်နေရင်တောင် နာကြောင်းမပြပဲ မျိုသိပ်နေတတ်တဲ့ လူမျိုး ... ။ ဒါကို သူက အသိဆုံး ... ။
မျက်ဝန်းတွေထဲမှာ အလူးအလဲနာကျင်ပြိုလဲရမှုတွေ ပြည့်နေရင်တောင် ရှောင်းကျန့်က အမြဲဘာမှမဖြစ်သလိုမျိုး ပြုံးနေတတ်တယ်။ ပြောရရင် အခုအခြေအနေမျိုးပေါ့။
"ရိပေါ် "
သူ့နာမည်ကို တိုးတိုးပဲ ခေါ်တဲ့ အသံမှာ တုန်ယင်မှုတွေ အဖျားခတ်ပါနေတယ်။ ပြိုဆင်းကျလာတဲ့ မျက်ရည်ဥတွေကို အမြန်ဖိသုတ်ပစ်ရင်း ပြုံးပြလာတဲ့ အမျိုးသားကို ကြည့်ရင်း ရင်ထဲကနာလာတယ်။
သူသိတယ်။ သူအနားမရှိဘဲ ရှောင်းကျန့် တစ်ယောက်တည်း အဆင်မပြေဘူးဆိုတာ သူသိတယ်။
မျက်တောင်ဖျားလေးတွေ အသာလှုပ်ခတ်လို့ မျက်ဆံလေးဦးတည်ရာနည်းနည်းရွေ့သွားရင်တောင် ဘာခံစားနေရတယ်ဆိုတာ အလိုလိုသိတဲ့အထိ သူအရိပ်တကြည့်ကြည့်နဲ့ ချစ်ခဲ့ရတဲ့ သူ့ရဲ့ချစ်သောလေ ... ။
ရှောင်းကျန့်က ခံစားရသမျှထုတ်မပြတတ်ဘဲ ဘာဖြစ်နေနေ ပြုံးနေတတ်တဲ့သူမို့ အမူအယာသေးသေးလေးကစ ဂရုစိုက်သတိထားဖို့လိုတယ်။ ကြည်ကြည်လင်လင်ရေခဲစိုင်လေးက အေးတယ်။မာကျောတယ်။ ဒါပေမယ့် ကွဲကြေလွယ်တယ် မဟုတ်လား။