"မင်းရူးနေတာလား ... မင်းကို ထလို့မရသေးဘူးလို့ ငါပြောထားတယ်မလား!!"
နိုးနိုးချင်း လက်ဖမိုးထက်က အပ်တွေကို ဆွဲဖြုတ်ဖို့ လုပ်နေတဲ့ သူ့လူနာကို မုယွီက ကျုံးအော်တယ်။
နဖူးမှာ ပတ်တီးအဖွေးသားနဲ့ အမျိုးသားက ဒီနေ့လည်တုန်းကသွေးသံတရဲရဲနဲ့ မုယွမ်တာဝန်ကျနေတဲ့ ER ကို ရောက်လာတာ ... ။
တရားမဝင် Racing တွေထဲ ဝင်ပြိုင်တာဟာ အန္တရာယ်များတာ ပုံမှန်ဆိုပေမယ့် သူအနိုင်ရလိုက်တဲ့ ပြိုင်ဘက်တွေဆီက ချောင်းရိုက်ခံရတာကတော့ ပုံမှန်ဟုတ်မနေဘူး။
"ဟေ့ ... မင်းကိုမထနဲ့လို့ပြောနေတယ်လေ"
ဆရာဝန်အာဏာပြပြီး အော်သာအော်နေရတာအဲ့ဒီကောင်လေးကို သူလည်းနည်းနည်းကြောက်တယ်။ သန်သန်မာမာ အနောက်တိုင်းသား ၁၂ယောက်တောင် ဝမ်ရိပေါ်တစ်ယောက်ကို ထိန်းမနိုင်တာ သူ့လို အလုပ်သင်ဆရာဝန်ပိန်ညောင်ညောင်ဆိုပြောမနေနဲ့တော့ ... ။
အဲ့ဒါကြောင့် တတွတ်တွတ်ပဲအော်နေပြီး ဝင်မဆွဲရဲတာ ... ။အိပ်ရာပေါ်က ဆင်းပြီး ဂျက်ကပ်ကိုကောက်စွပ်နေတဲ့အမျိုးသားကတော့ သူပြောနေသမျှမကြားသလိုပဲ ... ။
ဒီအချိန် ထုံဆေးပြယ်လောက်ပြီဆိုတာ သေချာပါတယ်။ ခေါင်းက လေးချက်ချုပ်လိုက်ရတဲ့ဒဏ်ရာကိုထားဦး ... နံရိုးလေးချောင်းလောက်ကျိုးထားပြီး ပခုံးရိုးပါအက်ထားတဲ့ နာကျင်မှုတင် ပေါ့သေးသေးတော့ မဟုတ်နိုင် ... ။
"မင်း မနာဘူးလား။ မင်းဆော်ထားတဲ့ဟိုဘက်ကုတင်ကကောင်တွေဆို ဘာအရိုးမှမကျိုးတာတောင် ထဖို့မပြောနဲ့ ခုထိ တအီအီညည်းနေရတုန်းကို ... "
"ပြန်မှ ဖြစ်မှာ ... "
ဖိနပ်ကြိုးထိုင်ချည်ရင်း အေးဆေးပြောတဲ့ အမျိုးသားက မျက်ခုံးတစ်ချက်တောင်မတွန့်ပေမယ့် နဖူးပေါ်မှာတော့ ချွေးပါးပါးစို့နေပြီဖြစ်တယ်။ အဲ့လောက် နာနေတာ အသိသာကြီးကို အလကားခေါင်းမာနေတာ ... ။
"အဲ့ဒီလောက်ဒဏ်ရာဒဏ်ချက်တွေနဲ့တောင် အိမ်ပြန်ပြေးချင်နေရအောင် မင်းအိမ်မီးလောင်နေလို့လား?!ဟမ်!!"