အခုရက်ပိုင်း ရိပေါ်မျက်လုံးထဲ အားလုံးကအဆင်ပြေနေတာပဲ။
ဘေးနားမှာ ရှောင်းကျန့်ရှိနေရုံနဲ့တင် အရာရာက လှတယ်။
ဘာတွေဖြစ်နေနေ ကိစ္စမရှိတော့ဘူး။ရေများသွားတဲ့ ခေါက်ဆွဲလည်း စားကောင်းတယ်။
အဝတ်လှန်းမရအောင် အုံ့နေတဲ့မိုးတိမ်တွေကလည်း ကြည့်လို့လှတယ်။
သူတို့ရဲ့အပေါ်ထပ်တိုက်ခန်းက Rock သီချင်းတွေညလုံးပေါက်ဖွင့်ထားလည်း အိပ်ပျော်တယ်။ကမ္ဘာ့အရှေ့ပိုင်းကနေ ဖုန်းဆက်ပြီး မူးမူးနဲ့ အသည်းကွဲတတ်တဲ့ ဝမ်ဟောက်ရွှမ်းရဲ့ ဖုန်းကောလ်တွေနဲ့ အပျိုကြီးတွေထက်တောင် ဗျစ်တောက်တောက်နိုင်တဲ့ ကျိုးချန်ကောရဲ့ ဆုံးမစကားတွေကလည်း ဆီလျော်နေတယ်။
တံခါးသော့ပျက်တဲ့ညမှာ နှစ်ယောက်သား တံခါးရှေ့မှာ သော့ပြင်ဆရာစောင့်ရင်း မိုးလင်းလိုက်ရလည်း ပျော်တယ်။ သူ့လက်တွေကြား ပိန်ပါးပါးသူ့ပေါင်ပေါင်းကို တစ်ညလုံးပွေ့ထားလို့ရတာနဲ့တင် တန်တယ်။
နှစ်ယောက်သား နေဝင်ချိန် East River မှာ သင်္ဘောသွားစီးတုန်း မိုးထရွာလည်း သူကတော့ သဘောကျတယ်။ ကုန်းပတ်ပေါ်မှာ ဖယောင်းတိုင်မီးမိန်မိန်လေးနဲ့ညစာစားမယ့်အစီအစဉ် ပျက်သွားမယ့်
ခပ်အေးအေး မိုးဖွဲထဲမှာ နွေးနေတဲ့ နှုတ်ခမ်းတွေကို စိတ်ရှိတိုင်းအပိုင်သိမ်းခွင့်ရတာလောက် ကဗျာဆန်တာဘယ်မှာရှိလဲ။ရေငွေ့ပါးပါးဝေ့နေတဲ့ ရေပြင် ... ကမ်းပေါ်က မီးရောင်စုံနဲ့ နယူးယော့ ... သင်္ဘောအတွင်းခန်းထဲက Jazz သံစဉ်မြူးမြူး ... မိုးစိုလို့ ကိုယ်မှာကပ်သွားတဲ့ ရှပ်အပြာနုနု ... သူ့ပုံရိပ်တစ်ခုထဲ ထင်ဟပ်နေတဲ့မျက်ဝန်းတွေ ...
နောက်ပြီး မိုးစိုနေတဲ့ ဆံနွယ်တွေနဲ့ သူ့ကျန့်ကော ...
မိန်းကလေးမဆန်ပဲ ဒီလောက်တောင်လှနိုင်တဲ့သူ ကမ္ဘာပေါ်မှာ ရှိတယ်တဲ့။ခါးသေးသေးကို သိမ်းဖက်တဲ့အခါ ကမ္ဘာကြီးတစ်ခုလုံးကို သူအပိုင်ရပြီဆိုတဲ့ ခံစားချက်ကိုရတယ်။ နဖူးချင်းသာသာလေးကပ်လို့ မျက်ဝန်းတွေထဲစိုက်ကြည့်နေခွင့်ရတဲ့အခါ ဒီလောကမှာ သူတခြားဘာမှမလိုအပ်တော့ဘူး။