ဒီရက်ပိုင်းတွေအတွင်းမှာ အရာအားလုံးနဲ့ ပိုပိုဝေးကွာလာတာကို သူ့ကိုယ်သူ သတိထားမိတယ်။ ဖေးကောနဲ့ရှင်းဟွေရဲ့ စာတိုတွေကို မဖတ်ဖြစ်တော့သလို ဖုန်းကိုအားသွင်းဖို့ ငြီးငွေ့လာတဲ့အထိ...။
လုံးဝမထိဖြစ်တဲ့ ဆေးဘူးတွေရဲ့အကျိုးဆက်အဖြစ် ဆေးရောင်တွေ၊ကင်းဗတ်စတွေကိုပါ မေ့လျော့လာမိတဲ့အထိ အသက်မရှိတဲ့ကျောက်ရုပ်တစ်ရုပ်လိုငြိမ်သက်နေလိုခြင်းတွေက တိုးလာတယ်။
သက်ဝင်လွန်းတဲ့ ကမ္ဘာကြီးက သူနဲ့မသက်ဆိုင်တော့သလိုမျိုး အေးစက်တိတ်ဆိတ်တဲ့ ချောင်လေးထဲမှာပဲ မေ့လျော့ခံရင်း လောကကြီးနဲ့ ပိုပိုဝေးကွာလာချင်တာ...။
ဒါပေမယ့် ဝမ်ရိပေါ် ... ။ တိတ်တိတ်ကလေးပဲ သူ့အနားနားမှာရှိနေပေးတဲ့ ဝမ်ရိပေါ်ရဲ့ တည်ရှိမှုက သူ့ကို ချောက်နက်အစွန်းကနေ ဆွဲထားတဲ့ကြိုးမျှင်လေးလိုပဲ။
တစ်စုံတစ်ခုကိုခံစားဖို့အတွက် ပင်ပန်းလွန်းလာတာမို့ နာကျင်မှုအကြွင်းအကျန်တွေကိုပိုက်ရင်း ဘာကိုမှ ဂရုမစိုက်ပဲ သူနေနေခဲ့တာက ဒီတစ်လျှောက်လုံးပဲဆိုတာ သူဝန်ခံတယ်။ အဆင်ပြေသလို အမြဲပြုံးထားပေမယ့် ဖေးကောရဲ့ မေတ္တာတွေက သူတည်ဆောက်ထားတဲ့ နံရံအထပ်ထပ်ကို မကျော်နိုင်ခဲ့သလို ရှင်းဟွေရဲ့စိုးရိမ်မှုတွေဟာလည်း သူ့ဆီမရောက်နိုင်ခဲ့ဘူး။
ဒါပေမယ့် စကားတစ်ခွန်းမဟတဲ့ ဝမ်ရိပေါ်ရဲ့ ဂရုစိုက်မှုတွေကိုတော့ ခံစားချက်တွေထုံကျဉ်နေတုန်းဆိုရင်တောင် သူက ခံစားမိတယ် ။
ဝမ်ရိပေါ်က သူ့ကို ဘယ်သူ့ထက်မဆိုပိုနားလည်ခဲ့တယ်။သူငြိမ်ငြိမ်လေးနေနေချင်ရင် ဘာမှမပြောပဲ ဘေးမှာအတူလာထိုင်ရင်း အဖော်လုပ်ပေးတယ်။ သူအရာအားလုံးဆီက ပုန်းနေချင်တဲ့အခါလည်း ဖေးကောနဲ့ ရှင်းဟွေလိုမျိုး သူ့ရဲ့ချောင်လေးထဲက ဆွဲထုတ်ဖို့ မကြိုးစားဘူး။
အေးစက်တိတ်ဆိတ်နေတဲ့ သူ့နံရံထောင့်လေးကတော့ သူပုန်းနေဖို့ရာ နွေးထွေးနူးညံ့တဲ့ပိုးအိမ်လေးအဖြစ် နည်းနည်းချင်းပြောင်းလဲလာတယ်။
နံရံကပ်စက္ကူတွေအားလုံးက နွေမနက်ခင်းရဲ့ကောင်းကင်ပြင်လို အေးချမ်းတဲ့ အပြာနုနုဖြစ်လာတယ်။ လိုက်ကာရှည်တွေက နွေးထွေးတဲ့ အရောင်ဖျော့ဖျော့နဲ့လဲခံလိုက်ရပြီးတော့ အမွှေးပွပွခေါင်းအုံးသေးသေးလေးတွေက ဆိုဖာပေါ်အပြည့် ... ။ မီးရောင်ကတော့ ခပ်နွေးနွေးအဝါရောင် ... ။