အပိုင်း(၁)

4.9K 173 2
                                    

သောကြာနေ့ နေ့ခင်း(၃)နာရီသည် ခါတိုင်းနေ့ခင်း(၃)နာရီများကဲ့သို့ပင် အဓိပ္ပါယ် ကင်းမဲ့လျက်ရှိသည်။ ၃နာရီအချိန်များတွင် သူဖတ်ဖူးသော  ဝတ္ထုတစ်ပုဒ်ထဲမှ စာကြောင်းတစ်ကြောင်းကို အမြဲလိုလို သတိရမိသည်။

"နေ့လည် ၃နာရီ၊ ၃နာရီဆိုသောအချိန်သည် သင့်အတွက် တစ်စုံတစ်ခုပြုလုပ်ရန် နောက်ကျလွန်းသွားချိန် (သို့မဟုတ်) စောလွန်းသေးချိန် ဖြစ်သည်"တဲ့။

ယခင်က ထိုစာကြောင်းကိုတွေ့လျှင် စိတ်ထဲပြုံးမိသော်လည်း ယခုတော့ သူ့သဘောတူသွားပြီ။ တကယ်ကိုပင် နေ့ခင်း(၃)နာရီသည် တစ်စုံတစ်ခုပြုလုပ်ရန် နောက်ကျလွန်းနေသည် (သို့မဟုတ်) စောလွန်းနေသည်။ နည်းနည်းမှ တက်ကြွဖွယ်ရာ မရှိသော အချိန်မျိုးဖြစ်သည်။ အထူးသဖြင့် အခုလို ရာသီဥတုမျိုးမှာပေါ့ ...

ရုံးခန်းအပြင်ဖက်တွင် ပတ်ဝန်းကျင်တစ်ခုလုံး မှိုင်းမှောင်လျက်ရှိသည်။ တစ်နေ့လုံးမပြတ်ဘဲ တဖွဲဖွဲရွာနေသော မိုးသည် လူတွေရဲ့စိတ်ကို ပိုမိုထိုင်းမှိုင်းအောင် ဖန်တီးနေသည်။ ရွှေတိဂုံလမ်းမကြီးပေါ်တွင် အရှိန်ပြင်းစွာ မောင်းနှင်သွားသော ကားကြီး၊ ကားငယ်တို့၏ အသံများ ရုံးခန်းထဲသို့ တစ်ချက်တစ်ချက် ဝင်ရောက်လာတတ်သည်မှအပ ပတ်ဝန်းကျင်သည် မိုးသံသဲ့သဲ့ဖြင့် ဖုံးလွှမ်းလျက်ရှိသည်။

"မမ..."
သူ့အနီးသို့ မွှေးရနံ့တစ်ခုရောက်လာ၍ သူ မော့ကြည့်လိုက်သည်။
"အားလုံးပြီးသွားပြီ မမ၊ အဲ့ဒါ စစ်ဆေးပြီးရင် မမလက်မှတ်ထိုးလိုက်ရုံပဲ"

သူ့အနီးတွင် လာရပ်နေသော မိန်းကလေး၏ အပြုံးမှာ ချိုမြနေသည်။ ပြည့်ဖောင်းသော နှုတ်ခမ်းကလေးမှာ ပန်းရောင် တောက်ပနေ၏ ။ သူရဲ့ လုပ်လက်စ စာရင်းများသည် ဇာခြည်၏ အပြုံးအောက်တွင် ဝေဝါးသွားရသည်။

"အင်း ... ထားခဲ့လေ ဇာခြည်"

"မမ ၃နာရီခွဲမှာ အပွိုင့်မင့်တစ်ခုရှိတယ်နော်"
သြော် ... ဟုတ်သားပဲ၊ သူ့ ဇာခြည်ကို ကျေးဇူးတင်စွာနဲ့ ပြုံးပြလိုက်တယ်။ တော်ပါသေးရဲ့။ ညနေ ၃နာရီခွဲမှာ ထိုင်းကုမ္ပဏီတစ်ခုမှ အရောင်းကိုယ်စားလှယ်တစ်ယောက်နှင့် တွေ့ဖို့ချိန်းထားသည်။ အချက်အလက်များ စုဆောင်းပြီးဖြစ်သော်လည်း စနစ်တကျ ပြန်လည်မစီစဥ်ရသေး။

Essential (Completed)Where stories live. Discover now