အခန်း(၁၄)

1.4K 95 0
                                    

နံနက် ၁၀ နာရီတွင် တွင်းတောင်ထိပ်မှ ကားစတင်ထွက်ခွာသည်။ မမသော်သည် မြင်နေကျ အဖြူရောင်မှ ခွဲထွက်ကာ ရေညှိစိမ်းရောင် ရင်ဖုံးလက်ရှည်ဖြင့် နဂိုက ဖြူဝင်းသော အသားမှာ ပိုမိုဝင်းပလျက်ရှိသည်။ စာရွက်စာတမ်းများ ညှပ်ထားဟန်ရှိသော အညိုရောင် ဖိုက်ဘာဖိုင်တွဲကြီးတစ်ခုကို လက်ကိုင်ကွင်းတပ် ပလတ်စတစ်လက်ဆွဲအိတ်ထဲ ထည့်ထားသည်။ ထိုလက်ဆွဲအိတ် ပါးပါးကလေးမှတစ်ပါး တခြားဘာပစ္စည်းမှ မပါဝင်ချေ။ တောင်ပေါ်အထိလိုက်ပို့သော မမေယုခိုင်တို့ အုပ်စုကို ပြုံးရယ်နှုတ်ဆက်နေသော သူမ၏မျက်နှာက လန်းဆန်းနေသည်။ အစွမ်းကုန်ပွင့်အာနေသော နှင်းဆီဖြူတစ်ပွင့်နှင့် တူလေသည်။

ကားမောင်းသူ၏ ဘေးကပ်လျက်တွင် သူမ ထိုင်စေပြီးအစွန်းဘက်ခုံတွင် သူ့ ထိုင်သည်။ အင်္ကျီချင်း ထိစပ်လျက်ရှိသော မမသော်၏ ကိုယ်သင်းနံ့မှာ လန်းဆန်း ချိုမြလျက်ရှိသည်။ ကားမောင်းသူ သူစိမ်းတစ်ယောက်ရှိနေသောကြောင့် သူ့ အတတ်နိုင်ဆုံး စကားမပြောဘဲ မျိုသိပ်ထားလိုက်၏။ တွင်းတောင်နှင့် ဘုတလင်ကြား ကြမ်းတမ်းသောခုနှစ်မိုင်ခရီးသည် ယခုအခါ သာယာလှပမှုအတိ ဖြစ်တော့သည်။ ခြောက်သွေ့သော ယာခင်းများ၊ ပျိုးပင်ပေါက်ကလေးများ ပျိုးထားခါစ စိုက်ခင်းများသည် မိုးကုပ်စက်ဝိုင်း အစွန်းအထိ ကျယ်ပြန့်နေသည်။ ရှေ့တည့်တည့်သို့ စိုက်ကြည့်နေသော မမသော် အနီးတွင် သူ့ တိတ်ဆိတ် ငြိမ်သက်စွာ လိုက်ပါလာခဲ့သည်။

ဘုတလင်မြို့သို့ ဝင်ချိန်အထိ နှစ်ယောက်သား တစ်ခွန်းမှစကားမပြောကြသည်ကို ကားမောင်းသူက ရိပ်မိဟန်တူပါသည်။ သူ့တို့ဘက်သို့ မကြာခဏ လှည့်လှည့်ကြည့်သည်။

"ဆရာမတို့ ဆာပြီလားဗျ"

"မဆာသေးပါဘူး ဦးလေး"

"ဒါဖြင့် ကျွန်တော်တို့ မုံရွာအရောက် ဆက်မောင်းမယ်"

"ဟုတ်ကဲ့"

ဤစကားသည် တွင်းတောင်မှ ထွက်လာကတည်းက ဘုတလင်ရောက်သည်အထိ ကားရှေ့ခန်းထဲတွင် ပထမဆုံး ပြောဖြစ်သော စကားဖြစ်၏။ နောက်ထပ်လည်း ဘယ်သူမှ ဘာစကားမှမပြောကြတော့ပါ။ တဖြည်းဖြည်းပူလာသော နေပူဒဏ်သည် ဆောင်းရာသီနှင့် မဆီဆိုင်စွာ ဒုက္ခပေးလျက် ရှိသည်။

Essential (Completed)Where stories live. Discover now