အခန်း(၁၅)

1.5K 116 2
                                    

မမသော် အချိန် အလွန်တိကျပါသည်။ ည ၇ နာရီတိတိတွင် မန္တလေးဟိုတယ် အောက်ထပ်ဧည့်ခန်းဆောင်သို့ သူ့ဆင်း၍ ထိုင်နေလိုက်သည်။ ၇ နာရီနှင့် ၃ မိနစ်တွင် မမသော် ရောက်လာ၏။ မမသော်ကို မြင်လိုက်တော့ သူ့ အံ့အားသင့်ကာ တစ်ခဏမျှငြိမ်သက်စွာ ငေးမောမိသွား၏။ ဘုရားရေ၊ သိပ်လှတဲ့ အမျိုးသမီးပါလား။

သူ့ရှိရာ ဧည့်ခန်းဆောင်ဆီသို့ တစ်လှမ်းချင်း လျှောက်လာနေသော သူမသည် ဂုဏ်သရေရှိ မိန်းမလှတစ်ဦး ဖြစ်သည်။ ခါတိုင်းမြင်နေကျ အင်္ကျီဒီဇိုင်းမျိုး မဟုတ်ပါ။ ကြက်သွေးရောင် တောက်ပသော ဘလောက်စ်အင်္ကျီမှာ ကိုယ်နှင့် တိုင်းပြီး ချုပ်ထားသည့် ပုံစံဖြစ်သည်။ ဆံထုံး ထုံးထားပြီး ဝတ်ထားသည်မှာလည်း ကော်လာမပါဘဲ လည်ပင်းသားကို ဖော်ထားသော ပုံစံဖြစ်၍ ကြော့ရှင်း ခိုင်မတ်သော လည်တိုင်မှာဖြူဝင်းလှပနေ၏။ ခါးနားတွင် အနည်းငယ် သိမ်၍ ချုပ်ထားသော အင်္ကျီ၏ အောက်တွင် သူမ၏ ကိုယ်ခန္ဓာမှာ နွဲ့နှောင်းစွာ အဆင်ပြေလျက်ရှိသည်။ ထဘီက အနက်ခံပေါ်တွင် ကြက်သွေးရောင် ဆနွင်းမကင်းကွက်သေးသေး ကလေးများ ဖော်ထားသော ပျော့ပျောင်းသည့်အစဖြစ်သည်။

သူမ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ပျော့ပျောင်းသောထဘီစသည်ခြေသလုံး၏ လှပမှုကို တွန်းအားပေးလျက် ရှိလေသည်။ သူမ၏ လက်တွင် အဖြူရောင် အပေါ်ဝတ် အင်္ကျီ တစ်ထည်ကိုခေါက်လျက် တင်ထားသည်။ သူ့ အံ့ဩလွန်းသဖြင့် ဗြုန်းခနဲ ထိုင်ရာမှ ထရပ်လိုက်မိသည်။

"အဆင်သင့်ပဲလား မသူ့ထက်မြတ်"

"ဟုတ်ကဲ့"

သူမ လည်တိုင်တွင် ရွှေကြိုးမျှင်မျှင်ကလေးကို သုံးခုဆင့်၍ ဆွဲထားသည်။ အင်္ကျီက တံတောင်ဆစ်အောက် နည်းနည်းသာဖုံးသဖြင့် ဖြူဝင်းသော လက်ဖျံများကို ပထမဦးဆုံးအကြိမ် ရင်ခုန်စွာမြင်တွေ့နေရသည်။

"မသူ့ထက်မြတ် သဘောကျတဲ့ စားသောက်ဆိုင် တစ်ခုခုများ ရှိနေသလား"

"ဟာ...မရှိပါဘူး၊ ကျွန်တော် မန္တလေးမရောက်တာ ကြာတော့ နေရာတွေ နည်းနည်းစိမ်းပါတယ်"

"ဒါဖြင့် ကျွန်မတို့ ထောယဉ်ပဲ သွားရအောင်နော်"

ကားရပ်ရာ နေရာဆီသို့ တစ်လှမ်းချင်း ဦးဆောင်၍လျှောက်သွားသော မမသော်၏ နောက်မှ သူ့ လိုက်သွားသည်။ သူမလက်ထဲတွင် တန်းလန်းကလေး ဆွဲထားသော သော့တွဲလေးကိုမြင်မှ မမသော်မှာ
ကားပါလာပုံရသည်ဟု သူ့တွေးလိုက်မိသည်။ မမသော်၏ ကားမှာ ခံ့ညားသော၊ အကြမ်းခံသော လင်း(ဒ်)ရိုဗာ ရေညှိစိမ်းရောင် ဖြစ်သည်။ သူမနှင့် လိုက်ဖက်ပါသည်။

Essential (Completed)Where stories live. Discover now