အခန်း(၂၁)

1.7K 109 2
                                    

ဖေဖော်ဝါရီ တစ်လလုံးလုံး မမသော်ခွင့်ယူထားမှန်း သိနေသောကြောင့် ဖေဖော်ဝါရီ ၁၅ရက်၊ စနေနေ့ နံနက်ပိုင်းတွင် မန္တလေးသို့ သူ့နောက်တစ်ခေါက် ရောက်သွားပြန်၏။ သူ့ နှင်းဆီပန်း တစ်ပွေ့တစ်ပိုက်ဖြင့် ရောက်သွားတော့ မမသော့်အိမ်မှာ မမသော် မရှိပါ။

"တောင်မြို့ကို သွားတယ် ကလေးရဲ့၊ ကြာဦးမှာ။ ဒီမှာထိုင်စောင့်ချင် စောင့် လိုက်သွားချင် လိုက်သွား"

ဘွားဘွားက သူ့ကို ခင်မင်ကြင်နာစွာ ခွင့်ပေးတော့ သူ့ အရမ်းပျော်ရွှင်သွား၏။

"ဟုတ်ကဲ့၊ သူ့ လိုက်သွားမယ် ဘွားဘွား"

နာရီကို ငုံ့ကြည့်တော့ နေ့လယ် ၂ နာရီ၊ မမသော်မှာ ကားပါသွားသည်။ သူ့သည် ဘွားဘွား ညွှန်ပြသော လမ်းညွှန်မြေပုံဖြင့် အမှတ်(၈) ဘတ်စ်ကားစီးပြီး အမရပူရမြို့သို့ ရောက်သွား၏။

ဖေဖော်ဝါရီလလယ် နေ့ခင်းသည် မန္တလေးတွင် နွေရာသီစစ်စစ်ဖြစ်သည်။ အမရပူရသည် မန္တလေးမြို့ထက် ပို၍ ဖုန်ထူထပ်၏။ သို့သော် သစ်ပင် အရိပ်ပိုများ၏။

မမသော်တို့၏ ရက်ကန်းစက်ရုံသည် အတော်အတန် ကျယ်ဝန်းသော ဝန်းတစ်ခုထဲမှာရှိသည်။ အုတ်တံတိုင်း ခပ်မြင့်မြင့် ကာရံထားပြီး ဂိတ်တွင် လူတစ်ယောက် ရှိနေ၏။ သူ့ မျက်ခုံးပင့်မိလျက်သား ဖြစ်သွားသည်။ ထိုပုဂ္ဂိုလ်က သူ့ကို မဆုံးနိုင်အောင် မေးမြန်းနေတော့သည်။ အမည်၊ နေရပ်လိပ်စာ၊ မိမိတွေ့လိုသူ၊ အကြောင်းကိစ္စ၊ သူ့ တိတ်တိတ်ကလေး ဆဲရေးလိုက်ကာ မမွန်မွန်သော်နာမည်ကို ပြောပြလိုက်သည်။ သို့သော် ထိုပုဂ္ဂိုလ်က သူ့နာမည်၊ နေရပ်နှင့် အလုပ်အကိုင်တို့ကို စာရင်းစာအုပ်ထဲတွင် ရေးမှတ်လိုက်သေး၏။ အတွင်းသို့ ဝင်လိုက်သောအခါ သွပ်မိုးဖြင့် ပျဉ်အဆောက်အအုံသုံးခု၊ အုတ်တိုက် ပြားပြားကလေးတစ်ခု တွေ့ရသည်။

အပေါက်ဝမှ ပုဂ္ဂိုလ်က အုတ်တိုက်ကလေးဆီသို့ လက်ညှိုးညွှန်ပြ၏။ သူ့ ခပ်သွက်သွက် လျှောက်သွားသည်။

အစည်းအဝေးတစ်ခု ပြုလုပ်နေခြင်း ဖြစ်သည်။ မမသော်သည် စားပွဲထိပ်တွင် အပေါက်ဝကို မျက်နှာချင်းဆိုင်လျက် ထိုင်နေ၏။ မမသော်၏ မျက်နှာထားမှာ သူ့နှင့်တွေ့စတုန်းက ကဲ့သို့ပင် တည်ငြိမ်ဣန္ဒြေရနေ၏။ လူ ၁၀ယောက်ခန့်ရှိမည်။ အမျိုးသမီးက မမသော်နှင့် ပေါင်းပါမှ နှစ်ယောက်တည်း။ သူတို့၏ ဆွေးနွေးမှုကို မနှောင့်ယှက်ချင်သော်လည်း မမသော်က သူ့ကို မြင်သွား၏။ မမသော့်မျက်နှာတွင်ဝမ်းသာမှု မတွေ့ရသည့်အပြင် စိတ်ရှုပ်မှုကို တွေ့လိုက်ရသည်ဟုထင်သည်။ သူ့နည်းနည်း ဒေါပွသွားကာ အပေါက်ဝမှ ချက်ချင်းလှည့်ထွက်လိုက်၏။ တိုက်၏အရိပ်ကျသည့် ဘေးဘက်တွင် တိုက်အုတ်နံရံအောက် အထစ်ကလေးပေါ်မှာ ထိုင်ချလိုက်သည်။ လိုက်လာခဲ့မိသော ကိုယ့်ကိုယ်ကိုသာ ဒေါပွသင့်ပါသည်။ အပြင်ဘက်မှ အပူရှိန်အားလုံး သူ့ရင်တွင်းသို့ စုပြုံဝင်ရောက်လာ၏။ အနားမှာ ရှိသော ကျောက်စရစ်ခဲ တစ်လုံးကို ကောက်ယူပြီး တစ်ဘက် အုတ်တံတိုင်းဆီသို့ အရှိန်ပြင်းစွာ ပေါက်ပစ်လိုက်မိသည်။

Essential (Completed)Where stories live. Discover now