အခန်း(၆)

2.1K 117 0
                                    

ထိုညတွင် သူ့ တစ်ရေးနိုးလာသောအခါ ဖြစ်တောင့်ဖြစ်ခဲတော်တော်နှင့်အိပ်မပျော်ဘဲ ဖြစ်နေ၏။ သူ့ရင်ထဲမှာလည်း လှိုက်ဟာနွမ်းနယ်လျက်ရှိသည်။ ခေါင်းအောက်တွင် ဖြန့်ယှက်ထားသော လက်နှစ်ဖက်ကို ဘေးသို့ဆန့်ချလိုက်သောအခါ အေးစက်စက် မွေ့ရာပြင်သည် ကျယ်ပြန့်လှ၏။ မွေ့ရာကို လက်ဖြင့် မသိမသာထိတို့ ပွတ်သပ်ကြည့်ရင်းက ခဏအတွင်းမှာပင် နူးညံ့သိမ်မွေ့သော နာကျင်မှုတစ်ခု သူ့ရင်ထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်လာလေသည်။ ထို နာကျင်မှုကလေး ပျောက်ကွယ်သွားမှာ စိုးရိမ်သကဲ့သို့ သူလက်ဝဲဘက်သို့ ဖြည်းဖြည်းကလေး စောင်းအိပ်လိုက်မိသည်။ မိမိနံဘေးတွင် နွေးထွေးစွာ အိပ်ပျော်နေသော တစ်စုံတစ်ယောက်နိုးသွားမှာ စိုးရိမ်ဟန် အပြုအမူမျိုးပင်ဖြစ်၏။

တစ်ရေးနိုး အိပ်ရာထချိန်များတွင် မိမိ နံဘေးတွင် နွေးထွေးစွာ အိပ်ပျော်နေသော တစ်စုံတစ်ယောက် နိုးသွားမှာစိုးရိမ်ရသည့်ခံစားချက်မျိုးကို သူ့ လိုချင်လှပါသည်။ ယခုတော့ သူ့ဘေးတွင် မည်သူမျှမရှိပါ။

တစ်ခါတစ်ရံတော့ သူ့ဘဝ၏ အဓိပ္ပါယ်မဲ့မှုကို သူ့ စိတ်ပျက်လာသည်။ နံနက် အိပ်ရာထ၊ ကော်ဖီသောက်၊ အလုပ်သွား၊ အလုပ်မှပြန်လာလျှင် အခန်းထဲဝင်၊ သူ့ နှစ်သက်ရာ ဂီတနားထောင်၊ မေမေပြင်ဆင်ကျွေးမွေးသော ညစာထမင်းစား၊ တိုင်း(မ်)နယူးစ်(ခ်) မဂ္ဂဇင်းများဖတ်၊ နိုင်ငံတကာ စီးပွားရေး စာစောင်များဖတ်၊ နောက် တစ်နေ့အလုပ်အတွက် ပြင်ဆင်၊ အိပ်။ ဤသံသရာသည် နေ့စဉ် လည်ပတ်လျက်ရှိသောအခါ ပျင်းရိ ငြီးငွေ့ဖွယ်ကောင်းလာသည်။

အချေအတင် ငြင်းခုံရမည့် အဖော်မရှိ။ အလုပ်မှ အဆင်မပြေမှုများ၊ ပင်ပန်း နွမ်းနယ်မှုများကို မျှဝေခံစားမည့် ကြင်ဖော်မရှိ။ မိမိကို နွေးထွေးစွာ နှစ်သိမ့်ပေးမည့်သူ မရှိ။ မိမိက နွေးထွေးစွာနှစ်သိမ့်ပေးရမည့်သူ မရှိ၊ ရုံးသွားရုံးပြန် နှုတ်ဆက်ကြိုဆိုမည့် အဖော်မရှိ။
သူ့ ဘာလိုချင်နေပါသနည်း။

ညသန်းခေါင်ကျော် နံနက် ၂နာရီလောက်တွင် သူ့သည် အိပ်ရာပေါ်မှာ လဲလျောင်းရင်း မိုးဇာ(တ်)၏ ပီယာနိုကွန်ဆာတို့တစ်ခုကို တိုးတိုးကလေး နားထောင်ရင်း သူ့ မေ့ထားခဲ့သောအရာ၊ သူ့ လိုအပ်သောအရာကို သေသေချာချာ ဆုံးဖြတ်ပြီး ဖြစ်သွားသည်။

Essential (Completed)Where stories live. Discover now