အခန်း(၁၂)

1.4K 104 4
                                    

ဒုတိယအကြိမ် ချစ်သူထံသွားသော ခရီးဟူသောအသိဖြင့် သူ့ကိုယ်သူ့ အနည်းငယ် ရှက်ရွံ့နေခဲ့သည်မှတပါး မန္တလေးခရီးသည် အစစအရာရာ အဆင်ပြေခဲ့ပါသည်။

ရထားလက်မှတ် ကြိုတင်ဝယ်ယူ ရရှိပြီးသည့်နောက်မှ သူ့ ခရီးထွက်မည် ဖြစ်ကြောင်း မိဘများကို အသိပေးမိ၏။ နိုဝင်ဘာလ၏ နှင်းမြူပါးပါးဖြင့် အနည်းငယ် အေးစိမ့်သော ပတ်ဝန်းကျင်သည် သူ့ကို ရဲရင့်တက်ကြွအောင် တွန်းအားပေးနေသယောင် ခံစားရသည်။

"သူ့ မနက်ဖြန်ညနေ မန္တလေးကို သွားမလို့ ဖေဖေ"

နံနက်စာ စားပွဲဝိုင်းတွင် သားအမိ သားအဖ သုံးယောက်သာရှိနေသည့်အထဲ သူ့စကားကြောင့် ပိုမိုတိတ်ဆိတ်သွား၏။ မေမေကတော့ နဂိုတည်းက စကားနည်း အေးဆေးသူမို့ သူ့ကို "ဟုတ်လား"ဟူသော အကြည့်မျိုးဖြင့် ကြည့်ရုံသာဖြစ်သည်။ ဖေဖေကတော့ အတွေးတစ်ခုခုဖြင့် ငြိမ်သက်သွားမှန်း သူ့ သိသည်။

မေမေက ဖေဖေ့ရှေ့ရောက်နေသော ပေါင်မုန့်ထောပတ်သုတ် ပန်းကန်ကို သူ့ရှေ့ ရွှေ့ပေးပြီး ပြုံးနေသည်။ ဖေဖေ၏ ငြိမ်သက်မှုကြောင့် သူ့ နည်းနည်းကလေး မနေတတ် မထိုင်တတ် ဖြစ်သွား၏။

အင်း... မန္တလေးကို သွားချင်တယ် ဖေဖေလို့ ပြောလိုက်မိရင် အကောင်းသား။ အခုတော့ သွားမလို့ လို့ ပြောတော့ တိုင်ပင်တာ ခွင့်တောင်းတာမှ မဟုတ်ဘဲ၊ အသိပေးတာပဲ။ သို့သော် သူ့ကလေး မဟုတ်တော့ပါ။ ဖေဖေနှင့်မေမေသည် သူ့ကို ဘယ်တုန်းကမျှ မချုပ်ချယ်ခဲ့ဘူးပါ။ အခုမှ ဘာအထူးအဆန်းလုပ် တွေးနေတာလဲ။ ခဏကြာမျှ တိတ်ဆိတ်နေပြီးမှ ဖေဖေ့စကားသံ ထွက်လာ၏။

"မန္တလေးတင်ပဲလား"

သူ့ မျက်နှာ နွေးခနဲ ပူသွား၏။ အမှန်အတိုင်း ပြောရမလား၊ ဒါမှမဟုတ် ညာရမလား ဖေဖေ့မျက်နှာကို အကဲခတ်ရသမျှတော့ ခပ်တည်တည် ပုံစံပါပဲ။ ဒါပေမယ့်...။ ဖေဖေဟာ သူ့ရဲ့အရိပ်အကဲကို အမြဲသိနေတော့တာပါပဲလား။ မညာနဲ့တော့။ သူ့ နောက်ကျသွားပြီ။

"တွင်းတောင် အထိပါ"

ခဏ ငြိမ်သက်သွားပြန်သည်။ သူ့ ထိတို့ကာ ပေါင်မုန့်ပန်းကန်ကိုလက်ဖြင့်  မမြင်ဘူးသလို စိုက်ကြည့်နေလိုက်၏။ အရင်တစ်ခေါက် သွားခါနီးတုန်းက ပုံစံမျိုး ဘာဖြစ်လို့ မရဲဝံ့ တော့တာလဲ။ ဒါ လိပ်ပြာမသန့်ဘူး ဆိုတဲ့ အဓိပ္ပာယ်လား။

Essential (Completed)Donde viven las historias. Descúbrelo ahora