အခန်း(၅)

1.9K 121 0
                                    

ငွေစက္ကူများကို တစ်ရွက်ချင်း ခပ်ဖြည်းဖြည်း ရေတွက်နေသော လက်ချောင်းများ ရှည်လျားလှသည်။ ဇာခြည်၏လက်ချောင်းများကဲ့သို့ ဖောင်းအိပြီး အဖျားရှူး သွယ်လျသော လက်ချောင်းပုံစံမျိုး မဟုတ်။ ဇာခြည်၏လက်လို နူးညံ့ပျော့ပျောင်းပုံလည်းမရ။ လေးထောင့်လက်အရှည်စားမျိုးသာဖြစ်သည်။ လက်တွင် လက်စွပ် တစ်ခုမျှ မတွေ့ရ။ လက်သည်းများကို တိရိသေသပ်စွာ ညှပ်ထားပြီးလက်သည်းဆိုးဆေး ဆိုးမထားချေ။ သာမန်အားဖြင့်ဆိုလျှင် ရင်ခုန်ဖွယ်ရာ မကောင်းသော လက်ချောင်းများဟု ဆိုရမည်။ သို့သော် မြဲမြဲသေချာမည့် လက်ချောင်းများဖြစ်သည်။

"ရော့... မသူ့ထက်မြတ် ရေကြည့်လိုက်ပါဦး"

သူ့ ပြုံးပြီး ခေါင်းယမ်းပြလိုက်သည်။ သူမ ရေတွက်နေတာကိုမြင်ပြီးသားပါ။ ငွေစက္ကူစည်းများကို ရှေ့မှာချထားလိုက်သည်။ သူ့ ဧည့်ဝတ်ပြုထားသော ကော်ဖီကို သူမ လုံးဝ မသောက်ရသေးပါ။

"ကျွန်မ သိပ်ကျေးဇူးတင်တာပဲ"

ရှားပါးလှသော သူမ၏ စိတ်လိုလက်ရ ကျေးဇူးစကားကြောင့် သူ့ နည်းနည်းဘဝင်မြင့်ချင်သလို ဖြစ်သွားသည်။

"ကျေးဇူးတင်ရင် ကော်ဖီသောက်ပါ"

ထိုအခါ အံ့ဩဖွယ်ရာပင် သူမလှစ်ခနဲပြုံးလိုက်လေသည်။ ပါးလျားကျယ်ပြန့်သောပါးစပ်က ပြုံးလိုက်သောအခါ ဆွဲဆောင်မှုများစွာဖြင့် လှပသွားတော့၏။ သူမ၏ အပြုံးကို ပထမဦးဆုံးအကြိမ်မြင်ဖူးသည်၌ သူ့ ငေးမောမိသွားသည်။ ပြုံးလိုက်သောအခါ မျက်လုံးများ၏ အေးစက်စိမ်းကားမှုက လျော့နည်းသွား၏။ အနည်းငယ်ရှည်ပြီး ချွန်သောနှာခေါင်းက ရယ်မောလိုက်သော နှုတ်ခမ်းနှင့် အဆင်ပြေစွာ လှပသွားလေသည်။ အရပ်ရှည်သလောက် ခိုင်မတ်သောလည်တိုင် ရှိသည်။ အဖြူရောင် ရင်ဖုံးလက်ရှည်ကို လည်ပင်းဖုံးအောင် ချုပ်ထားသောပုံမျိုးဖြစ်၍ ဇာခြည်လို လည်တိုင်ဝင်းဝင်းကလေးကို ဖြောင့်စင်းစွာ မမြင်ရချေ။ ဆွဲကြိုးမျှင်မျှင်ကလေးလည်းဆွဲရန် လိုမှာမဟုတ်ဟု သူ့ မဆီမဆိုင်တွေးမိ၏။

"ကော်ဖီက ရုံးမှာတင် ဖျော်တဲ့ကော်ဖီပါ။ ဒီနားမှာက လက်ဖက်ရည်ဆိုင် နီးနီး မရှိဘူးလေ။ နောက်ပြီး ကျွန်တော်တို့ကရုံးဆိုပေမယ့် အိမ်လိုပဲ မိသားစုလိုပါပဲ။ ဧည့်သည်လာရင် ကိုယ့်ဟာကိုယ် စီစဉ်ရတာ များတယ်"

Essential (Completed)Hikayelerin yaşadığı yer. Şimdi keşfedin