အခန်း(၉)

1.7K 94 0
                                    

တောင်ထိပ် နှုတ်ခမ်းပေါ်သို့ ရောက်၍ တောင်အောက်ခြေ တွင်းထဲက မြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူ့ တအံ့တဩငေးမော မိသွားသည်။ သူ့ ရေကန်ပေါင်းများစွာ မြင်ဖူးပါသည်။ ယခုလောက်ထူးဆန်းသောကန်ကို မမြင်ဘူးပါ။ ကန်ရေသည် တောရိပ်တောင်ရိပ်ကြောင့် မဟုတ်ဘဲ သူ့အလိုအလျောက် စိမ်းမှောင်နေ၏။ မတ်စောက်သော ဒယ်အိုးကြီး တစ်ခုထဲတွင် အစိမ်းရောင်ရေတွေ ရှိနေသလိုပုံစံ၊ ကန်တစ်ခုလုံးသည် ဘေးပတ်ဝန်းကျင်၌ မြင့်မားသော တောင်နံရံများဖြင့် ဝိုင်းရံထားခြင်းခံနေရသည်။ အေးမြသော တွင်းရှုခင်းသည် တလျှောက်လုံး ကြမ်းတမ်းလာခဲ့သော ကားလမ်းခရီးကို မေ့လျော့သွားစေသည်။ ထို့အပြင် တလျှောက်လုံး သူ့ ပူပန်ခဲ့ရသည့် မမွန်မွန်သော်မှ ရှိနေပါ့မလား ဟူသော အတွေးကိုပါ မေ့လျော့သွားစေသည်။ "ပင်နီရာမာ"ဟူသော စကားလုံးတစ်ခု လွှတ်ခနဲ ရေရွတ်လိုက်သောအခါ သူ့ဘေးမှာ ထိုင်လျက် လိုက်ပါလာသော သူ့တို့အဖွဲ့ကိုလာကြိုသည့် တွင်းစခန်း ဝန်ထမ်းတစ်ယောက်က ပြုံးပြီးရယ်လေသည်။

"ပထမဦးဆုံး မြင်လိုက်ရတဲ့အချိန်မှာတော့ အားလုံး တွင်းတောင်ကို သဘောကျသွားတာချည်းပဲ"

သူ့ မျက်မှောင် မသိမသာ တွန့်လိုက်မိ၏။

"နောက်အကြိမ်တွေ ကျတော့ရော"

"အင်း နောက်အကြိမ်တွေ ဆက်တိုက်ဖြစ်သွားရင်တော့ မဲဇာပေါ့"

သူ့တို့ ဖြတ်သန်းလာခဲ့ရသော ဘုတလင်နှင့် တွင်းတောင်အကြား ကရော်ကမည်ကားလမ်းကို ပြန်မြင်ယောင်မိတော့ သူ့ခေါင်းညိတ် ထောက်ခံလိုက်မိသည်။ သူ့ တွေ့ဖူးသမျှ ကားလမ်းများတွင် အဆိုးဝါးဆုံးဖြစ်၏။ ကားအသုံးပြုသည်ထက် နွားလှည်းအသုံးပြုသည်က ပို၍ များသောလမ်း ဖြစ်ဟန်တူပါသည်။

လှပသော တွင်းခြေ အစိမ်းရောင်အုပ်စုဆီသို့ ကွေ့ဝိုက်ဆင်းသွားသော တောင်ဆင်းလမ်း တစ်လျှောက်မှာတော့ မြင်မြင်သမျှ မီးသင့်ကျောက် အပိုင်းအစများချည်း ဖြစ်သည်။ ပုပ္ပားတောင်လမ်းကို သွားသတိရမိသည်။

"အရင်တုန်းက ကျွန်တော်တို့စခန်းကို တောင်ပေါ်မှာ ဆောက်ထားတာ၊ တစ်နေ့ တစ်နေ့ တောင်ပေါ်နဲ့ တောင်အောက်လျှောက်ရတာ မနည်းဘူး၊ အခုတော့ စခန်းတစ်ခုလုံး တောင်အောက်ကို ရွှေ့လိုက်ပြီလေ"

Essential (Completed)Where stories live. Discover now