အခန်း(၂၀)

1.6K 107 0
                                    

မန္တလေးသို့ နောက်တစ်ကြိမ်မသွားမီ ရန်ကုန်၌ အလုပ်လုပ်ရသော (၇)ရက်သည် သူ့အတွက် တစ်နှစ်စာ အလုပ်များဟု ထင်ရလောက်အောင် များပြားနေ၏။

ညနေတိုင်း ရုံးမှ နောက်ဆုံးထွက်ခွာရသူမှာ သူ့ ဖြစ်သည်။ ဖေဖေတို့က ရွှေပြည်သာရှိ Site ထဲသို့ နေ့စဉ် သွားနေရသောကြောင့် သူ့နှင့် သိပ်မျက်နှာချင်း မဆိုင်ရပါ။ ထို့ကြောင့် မျက်နှာပူခြင်း နည်းနည်းတော့ သက်သာပါသည်။ ဒါတောင် ဇာခြည်က သူ့ကို အလုပ်တွေကူလုပ်ပေးရင်း မကြာခဏ စပ်စုသည့်ဒဏ်ကို ခံနေရသေး၏။

"မမ မန္တလေးမှာ တစ်ယောက်ယောက် နေမကောင်းဖြစ်နေတာလား"

တစ်ယောက်ယောက်... သတင်း အတိအကျ မပြောဘဲထားသည့် သတင်းပေးသူကို ကျေးဇူးတင်ရမလို ဖြစ်နေ၏။

"ပေါက်တတ်ကရ ဇာခြည်ရာ၊ ရော့.. ဒီလယ်ဂျာတွေကို ပြန်ယူသွားတော့ ကိုယ် လစာတိုးတဲ့ ရာခိုင်နှုန်းတွေ တွက်ရဦးမယ်"

မန္တလေးက တစ်ယောက်ယောက်နှင့် ပတ်သက်၍ ဇာခြည်၏ စိတ်ဝင်စားမှုမှာ အံ့သြစရာ ကောင်း၏။

"မမ... ဇာခြည့်ဖိနပ်ကလေး လှရဲ့လားဟင်"

သူ့ ပါးစပ်အဟောင်းသား မော့ကြည့်မိ၏။ ဇာခြည်က ချစ်စဖွယ် ပြုံးရယ်လျက်ရှိသည်။ ထို့နောက် သူမ၏ ခြေထောက်ကို ငုံ့ကြည့်နေ၏။ သူ့ အမှတ်မထင် လိုက်၍ငုံ့ကြည့်လိုက်သည်။ ဟုတ်ပါရဲ့။ ဖိနပ်ကလေးက တော်တော်လှပါသည်။ အညိုရောင် သားရေပျော့ပျော့ကလေးဖြင့် ခြေဖမိုးပေါ်မှာ အကွက်ဖော်ထားသော ဦးချွန်ဖိနပ်ကလေး။ ခွာမြင့်ချွန်ဖိနပ်ကလေး ဖြစ်သည်း

"အဲဒါ ဘာဖြစ်လဲ ဇာခြည်"

"ဪ... ဇာခြည့်ဆီမှာ အဲဒါမျိုး ရှိသေးတယ် မမ၊ ဂျာမနီက ပြန်လာတဲ့ အသိတစ်ယောက်ဆီက ဝယ်ထားလိုက်တာလေ၊ မမ တစ်ရန်လောက် ဝယ်ပြီး လက်ဆောင်ပေးလိုက်ပါလား၊ ဇာခြည် အမြတ်မယူပါဘူး"

သူ့ နည်းနည်း မျက်မှောင်ကုတ်ကျသွား၏။

"ဘယ်သူ့ကို လက်ဆောင်ပေးရမှာလဲ"

"မန္တလေးက တစ်ယောက်ယောက်ကိုလေ"

သူ့ မပြုံးမရယ် ခေါင်းယမ်းလိုက်ရသော်လည်း မျက်နှာတော့ ပူသွား၏။ မမသော်က ဒီလောက် အရပ် ကလန်ကလားနဲ့ ခွာမြင့်ဖိနပ်မှ မစီးတာဟု သူ့ ပြောလိုက်ချင်သည်။ သို့သော် ကိုယ့်ထက်ငယ်ရွယ်သူ ကလေးမက ကိုယ့်ကို မဆုံးနိုင်အောင် စနောက်နေမှာကို သူ့ မခံနိုင်ပါ။

Essential (Completed)Donde viven las historias. Descúbrelo ahora