အခန်း(၂၃) ဇာတ်သိမ်း

4.9K 164 0
                                    

ဦးထက်မြတ်သည် သူ၏ တစ်ဦးတည်းသောသမီး သူ့ထက်မြတ်ကို အလုပ်မဖြုတ်ပါ။

သူ့သည် သူ၏ ပြစ်မှုများနှင့် ထိုက်တန်စွာပင် အလုပ်ကို အဆမတန်လုပ်၏။ မိန်းမတစ်ယောက်အပေါ် နာကြည်းမှုများကို မေ့ပျောက်ထားနိုင်ရန်အတွက် အလုပ်သည် အကောင်းဆုံးဆေးဝါးတစ်ခုဖြစ်သည်။

ဖေဖော်ဝါရီလကုန်ရက်၏ နံနက်များ၊ ညများသည် သူ့အတွက် ခြောက်သွေ့တိတ်ဆိတ်စွာ ကုန်ဆုံးသွားသည်။ သွားနေကျ လကုန် ရုံးပိတ်ရက်တွင် သူ့ မန္တလေးမသွားဘဲနေခြင်းအတွက် ဖေဖေ အနည်းငယ် အံ့သြဟန်ရှိသော်လည်း ဘာမျှမမေးမြန်းပါ။

မတ်လသည် သူ့တို့ ကုမ္ပဏီအတွက်လည်း တစ်နှစ်စာ ဘတ်ဂျက်ပိတ်သောလ ဖြစ်သည်။ သူ့သည် လချုပ်စာရင်းများကို ဇာခြည်၏ အကူအညီဖြင့် စစ်ဆေးဖြည့်စွက်ရင်း ကျန်ရှိသော စာရင်းများကို အိမ်သို့သယ်၍ တွက်ချက်ရသည်။

တစ်ညနေ သားအဖနှစ်ယောက် အိမ်သို့ ပြန်ရောက်သွားသောအခါ မမျှော်လင့်သော ဖြစ်ရပ်ကြောင့် သူ့ တအံ့တဩ ဖြစ်သွားသည်။ အိမ်မှာ ဧည့်သည်တစ်ယောက် ရောက်နေသည်။ မေမေနှင့် ထိုင်စကားပြောနေသည်။

ထိုဧည့်သည်မှာ မမွန်မွန်သော် ဖြစ်သည်။ သူ့ ဗြုန်းခနဲ ရင်ခုန်လှုပ်ရှားသွား၏။ ယုံနိုင်စရာ မဟုတ်သော်လည်း ဤသည်မှာ တကယ့် အဖြစ်အပျက် ဖြစ်သည်။ သူမသည် အပေါက်ဝကို ဘေးတိုက် အနေအထားဖြင့် ထိုင်နေသော်လည်း သူ့တို့ ဝင်လာတာကို မြင်လိုက်ကြောင်း သူ့ သိသည်။ သူမကိုတွေ့လိုက်ရသောကြောင့် အံ့သြဝမ်းသာမှုမှာ သူ့ မျှော်လင့်ထားသော ခံစားမှု မဟုတ်။

"အစ်ကို... ဧည့်သည် စောင့်နေတာ ကြာလှပြီ"

"နေကောင်းလားဟေ့ မွန်မွန်သော်"

သူမ သည်ဘက် လှည့်ကြည့်သည်။ သူမ မျက်လုံးများ သူ့ထံ ရောက်မလာဘဲ ဖေဖေထံမှာသာ ရှိ၏။

"ဟုတ်ကဲ့ ဆရာ"

သူ့ထက်မြတ်၊ ဒါ ဝမ်းသာစရာ မဟုတ်ဘူးနော်။ ဒီမိန်းမ သူ့အလုပ်ကိစ္စတစ်ခုခုရှိလို့ ရောက်လာတာ။ သူ့ကိုယ်သူ့ ထိန်းသိမ်းကာ ဖိုင်တွဲများ ပိုက်လျက်က သူ့အခန်းဆီသို့ လျှောက်သွားလိုက်သည်။

Essential (Completed)Where stories live. Discover now