အခန်း(၁၆)

1.5K 110 0
                                    

ကားနံပါတ်မှ တဆင့် အိမ်လိပ်စာ စုံစမ်းဖို့ကိစ္စမှာ သုံးလေးဆင့်လောက် ကြိုးစားဖို့ လိုအပ်သော်လည်း တယ်လီဖုန်းနံပါတ်ဖြင့် အိမ်လိပ်စာ စုံစမ်းရန်မှာ တဆင့်သာ လိုအပ်ပါသည်။ နံနက် ၈ နာရီခွဲတွင် မမသော်၏ အိမ်လိပ်စာကို သူ့ သိသွား၏။

ဆောင်းနှင်းမြူများဖြင့် စိတ်အေးချမ်းဖွယ်ရာ မန္တလေးဟိုတယ်ရှေ့ နံနက်ခင်းမြင်ကွင်းကြောင့် သူ့ အနည်းငယ် စိတ်ကြည်လင်နေသည်။ နှင်းဆီဖြူကလေးတစ်ပွင့်လို လန်းဆန်း တောက်ပသော မမသော်တစ်ယောက် ဤလို နံနက်ခင်းမျိုးတွင် ဘာလုပ်နေမှာလိမ့်၊ မမသော်နှင့်လက်တွဲပြီး ဘဝ၏ကျန်သော ကာလများကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ချင်လှပါသည်။

ဟိုတယ်ဧည့်ခန်းတွင် စိုက်ထားသော နှင်းဆီပန်းအိုးလေးထဲမှ နီရဲသော နှင်းဆီပွင့်ကလေးကို ကြည့်ပြီးနောက်ကို နှင်းဆီပန်း လက်ဆောင်ပေးရန် စိတ်ကူးရသွား၏။ သို့သော် မမသော်၏ ဒရိုင်ဘာနှင့်ပေးဖို့ စိတ်မကူးပါ၊ သူ့ဆီက ဘာပစ္စည်းမှ မယူခဲ့နဲ့ဆိုသည့် စကားကို မှာချင်မှာလိုက်လိမ့်မည်။ သို့မဟုတ် သူ့ မေးတာတွေ ဘာမှမဖြေနဲ့ဟု မှာချင် မှာလိုက်လိမ့်မည်။ မိန်းမတစ်ယောက်အကြောင်း စုံစမ်းသည့်ကိစ္စတွင် သူမ၏ ဒရိုင်ဘာ မလိုအပ်ပါ။

မမသော်၏ ဒရိုင်ဘာသည် မမသော်ကဲ့သို့ပင် အချိန်မှန်၏၊ မမသော်ကဲ့သို့ပင် မျက်နှာထား မာကျောကျော ဖြစ်၏။ ဧည့်ခန်းဆိုဖာတွင် ထိုင်စောင့်နေသည် ဖြစ်ရာ မမသော်၏ကား ဟိုတယ်ဝင်းထဲသို့ ဝင်လာကတည်းက သူ့ မြင်ရသည်။ ကားပေါ်မှ ဆင်း၍လျှောက်လာသော ထိုလူသည် အိတ်နှစ်အိတ်ကို ဆွဲလာ၏။ အိတ်တစ်အိတ်က တော်တော်ကြီးမားသည်။ သူ့ကို မေးမြန်း စုံစမ်းနေရမှာ စိုးသောကြောင့် သူ့ သွားကြိုဆိုလိုက်ပါသည်။

"မမွန်မွန်သော် လွှတ်လိုက်တာလား"

"ဟာ...ဟုတ်တယ်ခင်ဗျ၊ သူက ဒီပစ္စည်းတွေ မသူ့ထက်မြတ်အတွက် ပေးလိုက်ပါတယ်"

သူ့ ပစ္စည်းများကို လက်လွှဲ ရယူလိုက်၏။

"ဒီ အိတ်အကြီးက မသူ့ထက်မြတ်အတွက်တဲ့၊ ကြွပ်ကြွပ်အိတ်က သူ့ဆရာအတွက်တဲ့"

Essential (Completed)Onde histórias criam vida. Descubra agora