တံခါးကို တွန်းဖွင့်ပြီး ဝင်လာသော ထိုအမျိုးသမီးကို သူ့ မသိပါ။ အမျိုးသမီးသည် ရှည်မြင့်သောအရပ်နှင့် လိုက်ဖက်ရုံ မဆိုစလောက် ပြည့်သော်လည်းနွဲ့နှောင်းမှုမရှိ၊ ခပ်မတ်မတ် ခပ်တောင့်တောင့် ဖြစ်သည်။ ဆံထုံးထုံးထားပြီး နဖူးပေါ်မှ လှိုင်းကလေး မသိမသာ ပုံဖော်၍ မည်းနက်သည့်ဆံပင်များသည် ပုံပန်းကျနသေသပ်နေ၏။ မျက်ခုံးများထူထဲ နက်မှောင်ပြီး မျက်လုံးများ မည်းနက်စွာ တောက်ပသည်ကို ချက်ချင်းသတိထားလိုက်မိ၏။ ရင်ဖုံးအင်္ကျီနဲ့ ချည်ထဘီရိုးရိုးသာ ဝတ်ဆင်ထားသော်လည်း သူမပုံစံက သပ်ရပ်နေသည်။
သို့သော် သူမ တစ်လှမ်းချင်းဝင်လာခိုက် သူ့ စေ့စေ့ကြည့်၍ အကဲခတ်ရသမျှတော့ ပေါင်းသင်းဆက်ဆံရခက်မည့် မိန်းမစားမျိုးပေတည်း။ စူးရှသောမျက်လုံးများက မည်းနက်တောက်ပပြီး လူတကာကို အပြစ်ရှာမည့် ပုံစံဖြစ်နေသည်။ ထဘီအောက်တစ်ခြမ်းအနည်းငယ် စိုစွတ်နေသည်။ အင်္ကျီနှင့်ဆံပင်များ မိုးစိုစွတ်ခြင်းမရှိပါ။ သူမတွင် ထီးပါလာပြီး ထီးကိုရုံးခန်းအဝင် ပလတ်စတစ် ရေပုံးထဲတွင် ထည့်ထားခဲ့ဟန် တူပါသည်။
"ထိုင်ပါ"
အမျိုးသမီးက ကုလားထိုင်ကို အသံမြည်အောင် ဆွဲယူလျက် ထိုင်၏။ သူ့ နည်းနည်းအောင့်သွားသည်။ သူ့ဆီလာနေကျ ဧည့်သည်များသည် ကုလားထိုင်ကို မိမိတို့ဘက်သို့ ဆွဲယူလေ့မရှိကြပါ။ ဆွဲယူလျှင်လည်း အသံမထွက်အောင် ငြင်သာစွာ ဆွဲယူလေ့ရှိကြပါသည်။
ကိုယ်ရေးကိုယ်တာကိစ္စ..။ သူ့ ယခုတိုင် ဦးနှောက် ခြောက်နေဆဲ ဖြစ်သည်။
“ကျွန်တော် ဒီက အစ်မနဲ့ မတွေ့ဖူးဘူးနော်”
(သူ့သည် မန္တလေးသူတစ်ယောက်ဖြစ်တာမို့ ငယ်စဥ်ကတည်းကပင် ကျွန်တော်ဆိုသည့် အသုံးအနှုန်းသာ နှုတ်မှာစွဲနေသည်။ ထို့ကြောင့် အများနှင့် စကားပြောလျှင်လည်း ထိုသို့သာ သုံးနှုန်းတတ်သည်။)အဖြူရောင် ရင်ဖုံးလက်ရှည်ကြောင့်လားမသိ၊ အမျိုးသမီး၏ မျက်ဝန်းများ ထူးထူးခြားခြား တောက်ပနေသည်။ အနက်ရောင်သားရေ ပခုံးလွယ်အိတ်ကို ရင်ခွင်မှာ ပိုက်လျက် ရို့ကျိုးဟန် တစ်စက်မှ မပါဘဲ သူမ ခေါင်းညိတ်လေသည်။
YOU ARE READING
Essential (Completed)
Romanceဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် ဒီဆုလေးတော့ တောင်းချင်မိတယ် "ဘဝဆက်တိုင်း ကိုယ်ပေးလိုတဲ့ မေတ္တာတရားကို ကိုယ်ပေးချင်တဲ့သူထံ ပေးခွင့်ရှိပါရစေ"