အခန်း(၁၈)

1.5K 103 0
                                    

"မွန်မွန်က အင်မတန်ခေါင်းမာတာ ကလေးရဲ့၊ ပိုက်ဆံလေးမဖြစ်စလောက်ရတဲ့ ဒီအလုပ်ကို ထွက်ဖို့ အဘွားပြောနေတာ ကြာလှပါပြီကွယ်။ သူက ဒီရေညှိတွေကို တော်တော် သံယောဇဉ်ရှိ
တာ"

ဘွားဘွားစကားကို အကြွင်းမဲ့ သူ့ ထောက်ခံပါသည်။ သူမသည် ငွေကြေးကြောင့် ဤအလုပ်ကို လုပ်နေခြင်း မဟုတ်ပါ။

ဘွားဘွားက ပါးစပ်မှ တလှုပ်လှုပ်နှင့် ဘုရားစာတွေရွတ်လိုက်၊ သူ့ကို စကားပြောလိုက်နှင့် ဆောက်တည်ရာမရ တုန်လှုပ်လျက်ရှိသည်။ အရပ် ခပ်ပျပ်ပျပ်၊ ဆံပင်ဖြူ တော်တော်လွှမ်းနေဖြစ်သော်လည်း မျက်လုံးများ မာကျောဆဲ၊ နှုတ်ခမ်းပါးမှ စကားသံများက အင်အားအပြည့်ပါဆဲ။ ပါးရေနားရေ တွန့်ရုံမှတပါး အသက်၇၈နှစ် ဟု ထင်နိုင်စရာမရှိသည့် မမသော်၏ အဘွားသည် ချစ်ခင်လေးစားဖွယ်ရာ ဖြစ်သည်။

"ငါ့အတွက် ဒီမြေးကလေး မရှိလို့ မဖြစ်ဘူး။ အကြီးမက ဘာမှသုံးလို့ မရဘူး၊ အလကား လင်တရူးမ၊ ငါ့မြေးလေးသာ မရှိရင် ငါဖြင့် သေတာကြာလှပြီ"

ဘွားဘွားရယ်၊ သူ့အတွက်လည်း ဘွားဘွားမြေး မရှိလို့ မဖြစ်ပါဘူး။

လိုအပ်သည့် ဆေးများကိုဝယ်ပေးခြင်း၊ လူနာပြုစုသော အဘွားကို ဂရုတစိုက် လိုတာဖြည့်ဆည်းပေးခြင်း မမသော့်အနားမှာ အရိပ်တကြည့်ကြည့်ဖြင့် ကိုယ်ခန္ဓာအနေအထားနှင့် သွေးပုလင်း၊ ဆေးပုလင်း အပ်အနေအထားကို ထိန်းချုပ်ပေးခြင်းတို့အပြင်၊ သူ့ တခြားလုပ်နိုင်သည့် အလုပ်တစ်ခုမှာ ဘုရားရှိခိုး ဆုတောင်းခြင်းပင် ဖြစ်သည်။သူ့ဘဝတွင် ဘယ်တုန်းကမှ သည်လောက် သရဏဂုံမတည်ဖူးဘူးဟု ထင်သည်။

သုံးရက်တိတိ အခြေအနေ မထူးခြားဘဲ အထူးသူနာပြု ဆရာမလေးများပင်လျှင် မျက်နှာမကောင်းတော့ဘဲ ဖြစ်လာသောအခါ အဘွား ငိုတော့သည်။

"ငါ့မြေးကလေးက ဘယ်သူ့ကိုမှ ဒုက္ခရောက်အောင် မလုပ်ခဲ့ဘူး၊ သူ့ကိုသာ ဒုက္ခရောက်အောင် လုပ်ခဲ့ကြတာ။ မိသားစုထဲမှာ ငါ့မြေးက အဖြောင့်မှန်ဆုံး၊ အရိုးသားဆုံး၊ ငါ့မြေးကို ဘုရား သိကြားစောင့်ရှောက်ပါစေ"

သူ့ကတော့ နည်းနည်းမှ မျက်လုံးပွင့်မလာသည့်အပြင် ကယောင်ချောက်ခြား ဖြစ်နေသော မမသော်ကို တစိမ့်စိမ့်ကြည့်လျက် ရင်ထဲနာကျင်နေရသည်။ နောက်ဆုံးတော့ ဘုရားရှေ့မှာ သစ္စာဆိုဖို့ ဆုံးဖြတ်လိုက်၏။

Essential (Completed)Donde viven las historias. Descúbrelo ahora