အခန်း (၂)

155 10 7
                                    

'အနောက်ရိုးမအနီးက ဆန်းကြယ်သော မြို့ငယ်လေးဆီသို့ '

'မေ့လျော့ခြင်းဆိုတာဟာလည်းလေ တစ်ခါတစ်လေတော့ကောင်းလိမ့်မယ်ထင်ပါရဲ့ ...

သံသရာဆိုတာကလည်း မေ့‌လျော့ခြင်းဆိုတဲ့ဘဝမြူ လွှမ်းမြဲဓမ္မတာမဟုတ်ပါလား ....'

ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ မိုးညအိမ်မက်မြူ စာအုပ်လေးကိုအပြီးသတ်နိုင်လုနီးနီးမှာပင် မီးရထားစက်ခေါင်းသံက အိမ်မောကျနေတဲ့ဘူတာရုံဝန်းကျင်ကိုလှုပ်နိုးလိုက်တော့သည်။

အာရုဏ်ဦးနေ့အလင်းကိုအမှီပြုပြီးစာဖတ်နေတဲ့ နွေမိုးဆွေဟာ လက်တစ်ဖက်နဲ့ ပါးစပ်ကိုအုပ်လို့ ဝါးခနဲသမ်းမိသည်။

လှုပ်လှုပ်ရှားရှားဖြစ်သွားရတဲ့ခရီးသည်တို့က စင်္ကြံပေါ်မှာ ပြေးကာလွှားကာနှင့် ခြင်းကြီးခြင်းငယ်ဆွဲသူကဆွဲ၊ အထုပ်အပိုးတွေကိုသယ်သူကသယ်နှင့်ပျားပမ်းခတ်ကုန်ကြသည်။

သူဌေးသားလေးနွေမိုးဆွေကတော့ လက်ထဲကစာအုပ်ကို အေးအေးလူလူပိတ်ပြီး အပေခံအကြမ်းခံတဲ့ဂျင်းကျောပိုးအိတ်လေးတစ်အိတ်ကို ကျောပေါ်တင်ကာ ပြောင်းဖူးပြုတ်ဗန်းရွက်ထားတဲ့ ၁၀နှစ်အရွယ်မျှသာရှိသေးသည့် အသားညိုညိုကလေးမလေးဆီ လျှောက်သွားလိုက်သည်။

သူစာမဖတ်ခင်ထဲကကြည့်နေတာ အနှီကလေးမလေးဆီကနေ ပြောင်းဖူးပြုတ်ဝယ်ကြတဲ့လူ တစ်ယောက်တောင်မရှိသေး။

ဗန်းထဲမှာထည့်ထားတဲ့ ‌အငွေ့တထောင်းထောင်း ငချိတ်ပြောင်းဖူးတွေက အခုများတော့ အေးကာနေပြီပေါ့ ...ဒါမယ့် နွေးတေးတေးအငွေ့အသက်လေးတော့ကျန်ရှိနေသေးမယ့်ပုံ.....

နွေမိုးဆွေက မျက်နှာတည်ရင်တည်တင်းသလောက်ရှိန်ရတဲ့အရှိန်အဝါရှိသလို သူပြုံးရယ်လိုက်လျှင်လည်း စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကော်တွန်ကန်ဒီလေးလို ချိုမွှေးစိမ့်သက်တဲ့ နူးနူးညံ့ညံ့လူရည်မွန်လေးနဲ့တူကာ ကလေးတွေခင်မင်လွယ်တတ်တဲ့ရွေးချယ်မှုမျိုးထဲမှာ ထိပ်ဆုံးမှတ်တမ်းဝင်၏။

ပြောင်းဖူးပြုတ်ကို မနက်စာအဖြစ်စားရမယ်လို့စိတ်တောင်မကူးဖူးတဲ့ နုနုနယ်နယ်သူဌေးသားပေါ်ကြော့လေးဟာ ပါးကွက်ကြားနဲ့ကလေးမလေးဆီကနေပြောင်းဖူးနှစ်ဖူးဝယ်ခဲ့သည်။ ပေးခဲ့တဲ့ပိုက်ဆံကတော့ အတန်ကြီးကြီးဖြစ်ကာ ပြန်မအမ်းဖို့ပြောပြီး ရထားပေါ်ပြေးတက်လာခဲ့သည်။

နွေမိုးတွေဆွေလာတဲ့အခါ တိမ်ယံတွေမှိုင်းညှို့လာ၏....[COMPLETED]Where stories live. Discover now