အခန်း(၁၆)

75 5 5
                                    

'အရိပ်ထဲက ငါနဲ့ အလင်းထဲကမင်း...'

ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့ဟာ သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိကာဆိုတဲ့အတိုင်း ဗုဒ္ဓဘာသာဝင်တို့အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်....

အနှီနေ့ထူးနေ့မြတ်မှာ မြောက်ဦးပိုင်းကဓမ္မရုံ၌ အလှူရှင်တို့ သဒ္ဒါတရားနည်းများမဆိုပါဝင်လှူဒါန်းထားတဲ့ ဝါဆိုသင်္ကန်းပရိက္ခရာများအား ရိုးမကျောင်းရဲ့သံဃာတော်အရှင်မြတ်များဆီ လပြည့်နေ့၌ ဆပ်ကပ်လှူဒါန်းမှာပင်။

ဒါကြောင့် အဖိတ်နေ့ညထဲကပင် ဓမ္မာရုံထဲမှာ လုပ်သားတရုံးရုံးနဲ့ အလှူ့ဗြောသံမြည်ဟီးကာလို့ စည်းကားသက်ဝင်လို့နေချေသည်။

အလှူနေ့မှာ မုန့်ဟင်းခါးစတုဒီသာကျွေးမှာဖြစ်တာကြောင့် အပူရဲရဲဖွဲမီးဖိုကြီးပေါ်မှာတင်ထားတဲ့ ဟင်းရည်အိုးကြီးထဲကနေ ဆူပွက်နေတဲ့ ရေနွေးငွေ့တို့က အထက်သို့ တလူလူတက်နေသည်...

မြောက်ပိုင်းသူ မြောက်ပိုင်းသားတွေနဲ့အတူ စည်ပင်ရုံးကဝန်ထမ်းတွေသည်လည်း တစ်ဖက်တစ်လမ်းကနေ လုပ်အားပေးအနေနဲ့ပါဝင်ဖြစ်ခဲ့တာမို့ ည၇နာရီခွဲတဲ့အချိန်ရောက်တဲ့အထိ နွေမိုး‌‌ဆွေတစ်ယောက်အိမ်မပြန်ဖြစ်သေးပေ။

သွေးကြောစိမ်းစိမ်းတို့ထက်က လက်ပတ်နာရီလေးကိုတစ်ချက်ငုံ့ကြည့်လိုက်ပြီးနောက် ရေနွေးကြမ်းပူပူလေးတစ်ခွက်ကိုလက်ထဲမှာဆုပ်ကိုင်ထားလိုက်တော့ တစ်ည‌နေလုံးရေကိုင်ထားသဖြင့် ပဲကြီးခွံလိုက်‌နေရှာသော အရေပြားထဲသို့ အနွေးဓာတ်လေးက နွေးတေးတေးနဲ့စိမ့်ဝင်သွားသည်။

ဒီနေ့အပြန်နောက်ကျရင် သူကိုယ်တိုင်လာကြိုမှာမို့ ရပ်ရွာအလှူမှာ စိတ်အေးလက်အေးပါဝင်ဆင်နွှဲနိုင်ကြောင်း မနက်ထဲကမှာတမ်းခြွေလိုက်တဲ့ တစ်ယောက်သောသူကြောင့် နွေမိုးဆွေဟာ ဓမ္မာရုံထဲ၌ ဖင်တကြွကြွဖြစ်မနေပဲ အပြုံးမပျက်ထိုင်နေနိုင်ခဲ့ခြင်း...

အချိုပွဲအပိုင်းကိုတာဝန်ယူထားတဲ့ မြောက်ပိုင်းရဲ့အလှနတ်သမီးလေး သဲနော်က ဘကြီးစောနဲ့သူစားဖို့ဆိုပြီး အုန်းနဲ‌ကရေကရာတစ်ပန်းကန်နဲ့ ဆနွင်းမကင်းတစ်ပန်းကန်ကို လက်ဖက်ရည်ဝိုင်း၌လာချပေးသွားသည်။

နွေမိုးတွေဆွေလာတဲ့အခါ တိမ်ယံတွေမှိုင်းညှို့လာ၏....[COMPLETED]Where stories live. Discover now