လူတစ်ချို့က စိတ်ခံစားချက်နောက်ကို လိုက်ရင်းလိုက်ရင်းနှင့် မောပန်းနေရသည်။ ဝင်လုဆဲဆဲ နေမင်းကြီးက လွမ်းဆွေးနေတဲ့လူတစ်ယောက်ကို ပိုမိုအထီးကျန်စေဖို့ရာ လုံလောက်နေ၏။
တကျီကျီအော်နေကြတဲ့ ငှက်တွေဟာ ဘယ်အရာကိုများအလိုရှိနေကြပါလိမ့်ဆိုပြီး မေးလိုက်ချင်မိ၏။ အတိတ်တွေကို အဆိပ်ရည်လိုသောက်နေမိတာလည်း ခက်သားပဲနော်။
အီဟီဆွန်းက ဒီဝဋ်ကြွေးကိုပဲ ထပ်ခါထပ်ခါပေးဆပ်နေရင်းနှင့်....
"ကျွန်တော်ပြန်တော့မယ်"
အခုဆို ကျောင်းဆင်းချိန်ဖြစ်နေပြီလေ။ ကျောင်းပြေးတစ်ယောက်ဆိုတဲ့ နာမည်ဆိုးကို ဟီဆွန်းမနှစ်မြို့ပေမယ့် "နေမကောင်းလို့ နေ့ဝက်ခွင့်ယူပါရစေ"ဆိုတဲ့ မုသားနဲ့ ကျောင်းပြေးလာခဲ့မိတယ်။
"အမေတို့ ကလေးပေါက်လေးကဖျားနေတော့ စိတ်မချဘူး"
သက်ရှိထင်ရှားရှိနေသလို ယှဥ်တွဲဆောက်ထားတဲ့ အုတ်ဂူနှစ်ခုကို စကားတွေအများကြီးပြောနေတာကို လူတွေသိကြရင် ဟီဆွန်းရူးနေပြီလို့ ထင်ကြလိမ့်မယ်။
ဒီလိုပါပဲ...စိတ်မပျော်ရွှင်မှုတွေကို သက်သာစေနိုင်တဲ့ အလုပ်တွေကိုလုပ်ရုံလေးပါပဲ။ ပျော်ရွှင်မှုတစ်စုံတရာကို ရှာဖွေရင်း စိတ်မနှံ့သူသဖွယ် ဖြစ်သွားတာကတော့ ဟီဆွန်းမတတ်နိုင်သည့် ကံကြမ္မာ၏တရားစီရင်မှုပေါ် အပြစ်ဆိုရပါလိမ့်မည်။
"တကယ်ဆိုးတယ်"
ရည်ရွယ်သူရဲ့ မျက်နှာလေးကိုပြေးမြင်မိတော့ အပြုံးတစ်ပွင့်က ဟီဆွန်းပါးထံ လှလှပပ လာကပ်သည်။ မှဲ့နက်ကလေးရှိတဲ့နှာတံလေးကို ရှုံ့မဲ့ကာ ဆေးမသောက်ချင်ကြောင်းပြောနေမှာကိုလည်း မြင်ယောင်နေမိပါသေးတယ်။
"ဒါဆို ဂရုစိုက်ပါ အဖေနဲ့အမေ"
နောက်တစ်ခါလာဦးမှာဆိုပေမယ့် အမေတို့တွေ့ချင်နေတဲ့ ကလေးပေါက်ကို ခေါ်လာနိုင်မှာမဟုတ်လို့ တောင်းပန်ပါတယ်။ အရာအားလုံးဟာ ကျွန်တော့်ကြောင့်ပဲမို့ ပတ်ခ်ဆောင်းဟွန်းကိုတော့ သံသရာအဆက်ဆက် ချစ်ပေးပါ။