ဘာပြဿနာမှလည်းမရှိဘဲနှင့် ဟီဆွန်းစိတ်တို့ လေးလံနေသည်။ ယခု ဂျွန်နာရာနှင့် စကားထိုင်ပြောနေသည်ကိုက အမှားလုပ်ထားသည့်နှယ်။ ဘယ်အရာက နေရခက်စေတာလဲ မတွေးတတ်တော့ချေ။ ဘာပဲဖြစ်ဖြစ် သူတို့ကအလုပ်လုပ်နေတာပဲလေ။
သမီးရည်းစား ချိန်းတွေ့တာမှမဟုတ်တာ။ သမီးရည်းစားဆိုကာမှ တောင်စဥ်မရစိတ်တွေသည် ဆောင်းဟွန်းကို ပြန်အမှတ်ရသည်။ မတော်ရတဲ့ညီလေးကို ရည်းစားလည်းမဟုတ်ဘဲ နမ်းလိုက်မိတာ စိတ်ဆိုးနေသေးမှာ။
လက်ရှိ စိတ်လေးနေတာ ဆောင်းဟွန်းနဲ့တော့ မဆိုင်လောက်ပါဘူး။
"ကျွန်မအထင်ပြောရရင် အဲဒီကားတိုက်မှုကလည်း ဟီဆွန်းတို့ယာဥ်တိုက်မှုနဲ့ ပတ်သက်နေမှာ"
"ဖြစ်နိုင်တာက အဲဒီကားကြီးက ကိုယ်တို့ကားကို တိုက်ပြီးတာနဲ့ မောင်းထွက်သွားခဲ့ပေမယ့် သူလည်း သဲလွန်စ အဖျောက်ခံလိုက်ရမယ်ထင်တယ်"
"ဟုတ်မယ် ကျွန်မလည်းအဲဒီလိုတွေးတယ်၊ ကားကြီးက ချောက်ထဲ ကျတာ၊ ပြီးတော့ လမ်းပိတ်ထားတဲ့အချိန်ဆိုတော့ ကယ်ဆယ်ရေးရောက်တဲ့အချိန် ကားကစုတ်ပြတ်သတ်နေပြီ။ လူလောင်းတောင်ရှာမရတော့ဘူး"
"ဟက် ကိုယ့်မိဘတွေကို လုပ်ခဲ့သလိုမျိုးလေ"
နာကျင်မှုတို့နှင့်အတူ အသံသည် ဆိုးနင့်စွာ။ ကိုယ့်ရှေ့မှာပင် စတေးခံလိုက်ရတဲ့ မိဘနှစ်ပါးအတွက် ဟီဆွန်းက ဘာလုပ်ရ၊ လုပ်ရ အကောင်းဆုံးလုပ်မည်ဖြစ်သည်။ အငြှိုးထားတာမဟုတ်ဘူး၊ ကလဲ့စားချေတာလည်းမဟုတ်ဘူး။ တရားမျှတမှုပြန်ယူတာပါ။
မျက်လုံးတစ်လုံးဆုံးရှုံးရရင် မျက်လုံးတစ်လုံး ပြန်ယူရမယ်ဆိုတဲ့ သက်ဦးဆံပိုင်ခေတ်သာဖြစ်ခဲ့လျှင် သေဆုံးသွားရသော မိဘနှစ်ပါး၏အသက်နှင့်အတူ ဟီဆွန်း၏ဘဝ၊ ဟီဆွန်း၏ ကွဲကြေသွားရသော နှလုံးသားတစ်စုံကို မည်သို့ ပြန်ယူရမည်နည်း။
"သဲလွန်စကို အကုန်ဖျောက်ထားတာနော် ဟီဆွန်း၊ အဖေ့အာဏာသုံးပြီး အမှုတွဲကို ယူလာခဲ့ပေမယ့် ဆက်စပ်နေတဲ့ကြားထဲမှာ တစ်ခုလိုနေတယ်၊ အဖေက အဲဒီလိုင်းမဟုတ်တာက ခက်တာပဲ"