သားအရင်းပြန်လာတော့ မွေးစားသားကို အိမ်မှာထားခဲ့ပြီး အပြင်ထွက်သွားကြတဲ့ ဝန်ကြီးချုပ်မိသားစု။ ဆောင်းဟွန်းမလိုက်ချင်ဘူးဟု ငြင်းလိုက်ပေမယ့် နောက်တစ်ခေါက်လောက်တောင် ထပ်မခေါ်တဲ့ အဖေ့ကြောင့် စိတ်ထဲမကြည်။
မိမိဘက်ကဟု ထင်ခဲ့သည့် အမေမှာလည်း ရှင်းမ်ဂျယ်ယွန်းနဲ့ ဘက်ကျနေတော့ မိမိမှာ အိမ်တော်ထဲ ယောင်လည်လည်။
ဒီလိုမိသားစုပြန်ဆုံကြရတဲ့အတွက်ပဲ ဝမ်းသာပေးရမလိုလို။ ရား တကယ်ပဲ ငါကသားအရင်းရောဟုတ်ရဲ့လား။ ရှင်းမ်ဂျယ်ယွန်း အမွှေကောင်၊ ဦးလေးရှင်းမ်ဆီသွားပြီး မင်းမကောင်းကြောင်းပြောပစ်ဦးမယ်။
ဆောင်းဟွန်းပျင်းတာကြောင့် အခန်းထဲက ထွက်လာလိုက်သည်။ မိမိဘေးခန်းရှေ့ရောက်တော့ အီသန်လီဘာလုပ်နေမလဲ သိချင်လာ၏။ ဒီသားအရင်းကလည်း ဘာကိစ္စလိုက်မသွားလဲ ဆောင်းဟွန်းမပြောတတ်ပေ။
တံခါးခေါက်ပြီး ဝင်ကြည့်ရမလား၊ မဟုတ်မှ ဒီအတိုင်းဝင်သွားလို့ရလား။
'ဒုန်း'
"အီသန်"
အထဲက တစ်ခုခုပြုတ်ကျဟန်အသံကြောင့် လက်ချောင်းတွေက တံခါးကို ဖွင့်မိသွားသည်။ အီသန်လီနှင့်ပတ်သက်လျှင် ဘယ်တော့မှ အစိုးမရဖူးသော သူ့စိတ်က အယောင်ယောင်အမှားမှား။
တစ်ခါတလေတော့ သူ့စိတ်သူပိုင်ချင်မိပါသည်။
"အီသန် ခင်ဗျား"
စားပွဲပေါ်က ပစ္စည်းတွေဟာ ပစ်စလက်ခက် အောက်သို့ပြုတ်ကျနေသည်။ စားပွဲနားက ဟီဆွန်းမှာလည်း အရုပ်ကြိုးပျက်ကဲ့သို့။ စားပွဲအစွန်းကို အားပါပါကိုင်ထားပုံရသော်လည်း အားမရှိကြောင်း ဆောင်းဟွန်းရိပ်မိသည်။ မနေ့က အကောင်းကြီးကို ဒီနေ့မှ ဘာထဖြစ်တာပါလဲ။
"အီသန်"
ဒီနာမကိုသာ ဆက်တိုက်ရေရွတ်မိနေသော ဆောင်းဟွန်းနှုတ်ခမ်းဖျားဟာ တုန်တုန်ရီရီ။ ဗိုက်ကိုဖိထားပြီး မျက်ရည်ကြည်တို့ဝိုင်းနေသော လူ၏ပုံဟာ ဆောင်းဟွန်းအသည်းကို ခြစ်နေသယောင်။
"အီသန် ခင်ဗျား ဘာဖြစ်တာလဲ"
"ဟွန်း အ့"
"အီသန်!"