"ဖေဖေ! မေမေ! ကျေးဇူးပြုပြီး"
ခပ်လှမ်းလှမ်းမှာသွေးတွေနှင့် ရပ်နေသည့်လူကြီးနှစ်ယောက်။ သိသာအောင်ပြောရမည်ဆိုလျှင် အီဟီဆွန်း၏မိဘနှစ်ပါး။
"မင်းကြောင့် အဲတာမင်းကြောင့်အီဟီဆွန်း"
ဘယ်ကလာမှန်းမသိတဲ့ အသံတွေ။ အသက်ရှုရခက်လာတာကြောင့် နှလုံးခုန်မြန်လာသည်။
ဒါအိပ်မက်! ထစမ်းအီဟီဆွန်း!
"မင်းမိဘတွေသေတာ မင်းကြောင့်!"
"မဟုတ်ဘူး ငါ့ကြောင့်မဟုတ်ဘူး ထွက်သွားစမ်း!"
"မင်းကယ်လို့ရရဲ့သားနဲ့ မကယ်တာ မင်းကြောင့်! ပြီးတော့ပတ်ခ်ဆောင်းဟွန်းကြောင့်!"
"ကိုကို ကိုကိုကယ်ပါဦး အား!"
အီဟီဆွန်း၏မိဘနှစ်ပါးသည် ဆောင်းဟွန်းအားဆွဲခေါ်နေလေသည်။ တရွေ့ရွေ့နှင့် အမှောင်ထဲကိုရောက်တော့မည်။ ကောင်ငယ်လေး၏မျက်လုံးဝိုင်းလေးတွေသည် ကူရာကယ်ရာမဲ့လျက်။ ဟီဆွန်းအား အားကိုးတကြီးကြည့်လာသည်။.
"ဟွန်းငယ်ကိုမထိနဲ့!"
ထထိုင်မိလျက်သား အိပ်မက်ကနေလန့်နိုးလာတော့သည်။ ပတ်ခ်ဆောင်းဟွန်း၏ မျက်လုံးဝိုင်းလေးတွေကို အခုထိမြင်နေမိသေးသည်။ အိပ်မက်မှန်းသိရက်နှင့် ပင်ပန်းလိုက်တာ။
မောလာတာမို့ အိပ်ရာထဲကထလိုက်သည်။ စားပွဲပေါ်က ရေကရားခွက်ကြီးထဲမှ ရေတွေကိုခွက်ထဲငှဲ့လိုက်သည်။ သက်သာလိုသက်သာရာရကြောင်း စိတ်မငြိမ်မှုတွေကို ရေနှင့်မျှောချရန််ဖြစ်၏။
ရေခွက်ကိုယူကာ သောက်မည်အပြု ထောင်ထားသည့် ဓာတ်ပုံနှစ်ပုံကြောင့် တစ်ခုကိုယူလိုက်မိသည်။
ပြုံးနေသည့်မိဘနှစ်ပါး။ ဟီဆွန်းမသိမသာ သက်ပြင်းချလိုက်မိ၏။ နောက်တစ်ပုံကရော။
အင်း...သူနဲ့ ပတ်ခ်ဆောင်းဟွန်း။
အီဟီဆွန်း၏ ရွေးချယ်မှု။ ပတ်ခ်ဆောင်းဟွန်းဆိုတဲ့ ခပ်ဆိုးဆိုးကောင်ငယ်လေးက အီဟီဆွန်းရဲ့ လက်မလွှတ်နိုင်တဲ့ ရတနာလေးတစ်ပါး။ မခိုင်းစေဘဲ တွယ်တာမိတဲ့ နှလုံးသားတစ်စုံ။ ပတ်ခ်ဆောင်းဟွန်းက အပြစ်သားတစ်ယောက်လည်းဖြစ်တယ်။