သွေးထွက်နေသည့် ပခုံးနေရာသို့ ဂွမ်းစလေးတွေက မရဲတရဲလာလာထိသည်။ လုပ်တုန်းကတော့ သူမဟုတ်သလို မျက်နှာအညှိုးလေးနှင့် ဆောင်းဟွန်း၏ပုံမှာ အသည်းယားဖွယ်ရာ။ သွားစွယ်တွေအားကိုးနဲ့ ပတ်ခ်ဆောင်းဟွန်းက သိပ်ကိုအနိုင်ကျင့်သည်။ဒါပေမယ့်လည်း သဘောကျရပြန်သည်။
"အ့ နာတယ်"
"ခင်ဗျား ပြုံးစိပြုံးစိလုပ်မနေနဲ့၊ ကျွန်တော်စိတ်မရှည်ဘူး"
သူ့ကြောင့်သာမဟုတ်ရင် ဆေးမထည့်ပေးဘူးဆိုသည့် စတိုင်လ်နှင့် နှုတ်ခမ်းကိုအနည်းငယ်ကိုက်ထာားသည်။ ဆေးမထည့်ပေးရင် အပေါ်ကမဖယ်ပေးဘူးဆိုသည့် ဟီဆွန်းရဲ့ ခြိမ်းခြောက်မှုကြောင့်သာ ထိုလက်လေးတွေက ပခုံးပေါ် ပြေးလွှားနေတာဖြစ်သည်။
ယောက်ျားတန်မဲ့ ဒီလိုဒါဏ်ရာသေးသေးလေးကို ဆေးထည့်ခိုင်းသည့် ဟီဆွန်းအား မျက်စောင်းအကြိမ်ကြိမ်ထိုးသည်။ ဆောင်းဟွန်းသာဆိုလျှင် ရန်ပတ်ဖြစ်တာနှင့်ပင် သွေးထွက်တာလောက်ကို မှုမနေဘူးဟု ဆွဲတွေးလိုက်၏။
"ပြောစရာရှိလို့လား"
"ခင်ဗျား ဟို ဒီနေ့ခင်ဗျားဘယ်သွားသေးလဲ"
"ဘယ်မှမသွားဘူးလေ"
"ဟုတ်လို့လား ကျွန်တော်ခင်ဗျားကို တွေ့လိုက်ပါတယ်"
ဆေးဗူးတွေအား သေချာပြန်သိမ်းပြီး ဆေးအိတ်ထဲ စနစ်တကျပြန်ထည့်နေသည်။ ဆောင်းဟွန်းက ဒီလိုသပ်သပ်ရပ်ရပ်လုပ်နေသည်ကိုမြင်လျှင် လူတစ်ချို့တော့ မှင်သက်ကုန်မည်။ အမြဲရှုပ်ပွနေအောင်လုပ်တတ်သော လူသားလေးသည် ယခုမူ သေသေချာချာကို စီစီရီရီထားနေတာဖြစ်၏။
သို့သော် ဟီဆွန်းအတွက် မထူးဆန်းပါ။ ထိုလက်လေးတွေ၏ ဦးတည်ရာအား အဆက်မပြတ်သာ လိုက်ကြည့်သည်။
"ကျွန်တော်မေးတာဖြေ!"
"အဲတာသိချင်လို့ အခန်းထဲဝင်လာတာလား"
"ကျွန်တော်မေးတာကိုမဖြေဘဲ ဘာလို့ပြန်မေးနေတာလဲ၊ ပွဲမှာတွေ့ခဲ့တာ တကယ်ခင်ဗျားမဟုတ်လား၊ အဲတာပဲသိချင်တာ ဘာမှမသိချင်ဘူး"