မှတ်တမ်းယူနေသည့် ကင်မရာများသည် တဖျတ်ဖျတ်နှင့်။ နေရာတိုင်းတွင် နိုင်ငံ့အကြီးအကဲများသည် ယခုပွဲသို့ အကောင်းဆုံးဆင်ယင်ဝတ်စားမှုများဖြင့် တက်ရောက်လာခဲ့ကြ၏။အနက်ရောင်ကုတ်အိင်္ကျီသည် လည်ပင်းဟိုက်သဖြင့် အသားဖွေးဖွေးတို့သည် ထင်ထင်လင်းလင်း။ ဖန်စီနားဆွဲတစ်ခုအား နားတစ်ဖက်တွင်ချိတ်ဆွဲထားပြီး ဆံပင်တို့သည် သပ်သပ်ရပ်ရပ်ဖြစ်မနေချေ။
ပွဲတက်ပရိတ်သတ်များထဲတွင် အသက်ငယ်ဆုံးဖြစ်ဟန်တူသည့် ဆောင်းဟွန်းမှာ စိတ်မပါလက်မပါနှင့် လိုက်ခဲ့ရခြင်းတို့ကြောင့် အစွမ်းကုန်ဆန္ဒပြနေချေသည်။
"ပတ်ခ်ဆောင်းဟွန်း မင်းလက်ထဲကခွက်ကို ချလိုက်စမ်း"
"ပွဲလာပြီး ဒါလေးမှမသောက်ရင် မဟုတ်သေးဘူးလေ၊ ဝန်ကြီးချုပ်က ကျွန်တော့်ကို ဒီအတိုင်းထိုင်နေစေချင်လို့လား"
"လူကြီးတွေရှိတာမြင်လား၊ မင်းကိုအကဲခတ်နေတဲ့လူတွေကြား သရုပ်မပျက်စေနဲ့"
နှစ်ကိုယ်ကြားလေသံဖြင့် စိုးရိမ်စွာပြောနေသောအဖေဖြစ်သူကြောင့် ပြုံးလိုက်မိ၏။ ဆောင်းဟွန်းတို့က အဲလိုဆို အရမ်းသဘောကျရှာတာ။
"ဒါဆိုလည်း ကျွန်တော်သန့်စင်ခန်းသွားလိုက်ဥိးမယ်၊ လူအိုနံ့တွေက မွှန်နေရောပဲ"
"မင်း!"
သူ့အဖေ၏ရုတ်ချည်းပြောင်းလဲနိုင်သော မျက်နှာအမူအယာတို့အား ဆောင်းဟွန်းမလေးစားဘဲ မနေနိုင်။ ဆောင်းဟွန်းနှင့် တတိယကမ္ဘာစစ်ကို အသံတိတ်ဖြစ်နေရင်းမှ ဝင်လာမိတ်ဆက်သူတွေကြောင့် စံချိန်တင်အပြုံးကိုပြုံးရင်း စကားပြောနေလေသည်။
ဆောင်းဟွန်းလည်း သိပ်စိတ်မပါလှတာကြောင့် ခပ်ရွဲ့ရွဲ့အပြုံးတစ်ခုနှင့် ဝိုင်ခွက်ကို စားပွဲပေါ်ပြန်တင်လိုက်သည်။ ဒီအချိန်ဆို သူကကလပ်မှာ ကွေးနေအောင်ကနေမယ့်အချိန်။ ဟိုလူအီသန်လီဆို ဘာလုပ်နေမလဲ တကယ်သိချင်တယ်။ ဟိတ်ဟန်အပြည့်နဲ့ ခေါင်းဆောင်းလုပ်ရတာ သိပ်ကြိုက်တတ်တဲ့လူ။
မသိလိုက်ဘာသာပဲ ဆောင်းဟွန်းစိတ်တွေက ထိုအမျိုးသားဆီသွားကပ်သည်။ စိတ်မကြည်စွာ သေချာပုံဖျက်လာခဲ့သည့် ဆံပင်တွေအား ထပ်မံထိုးဖွနေလိုက်၏။