ရီဝေဝေနှင့် သတိရတစ်ချက် မရတစ်ချက်က ဆောင်းဟွန်းအား နိုးတစ်ဝက်၊ ထတစ်ဝက်ဖြစ်စေသည်။ အိပ်ခန်းထဲထိရောက်လာတာသိပေမယ့် ဘယ်လိုရောက်လာမှန်းမသိ။ ဘေးကလူဟာ အီသန်လီ ဟုတ်ရဲ့လားတောင်မသိ။
ကုတင်ပေါ် ဖြေးညှင်းစွာချပေးနေတဲ့ ထိုလူဟာ သူ့ကိုတစ်ချက်မျှကြည့်ပြီး သွားတော့မည့်ပုံ။ မကောင်းမှန်းသိပေမယ့် ဆောင်းဟွန်းစိတ်တွေက ဘီယာအားကိုးနှင့် အစိုးရမနေချေ။
"မသွားပါနဲ့"
"ဟင်း! ပတ်ခ်ဆောင်းဟွန်း မနက်ကျရင် မင်းအဆူခံရတော့မယ်"
"အဆူခံလိုက်ပါမယ်"
နီဆွေးနေတဲ့ ပါးလေးတွေက ဖျစ်ညစ်ချင်ဖွယ်ရာ။ နှုတ်ခမ်းနီ ကူမထားသည့် နှုတ်ခမ်းပါးတွေက ချောက်နက်ကြီးတစ်ခုထဲ ခုန်ဆင်းခိုင်းနေသည့်အတိုင်း အမိန့်တစ်ခုကို ရက်စက်စွာဖော်ဆောင်နေသည်။
အကြည့်လွှဲလိုက်သော်ငြား မိမိလက်ကို လာကိုင်သည့် ဆောင်းဟွန်းလက်တွေကြောင့် မျက်နှာထံအကြည့်ပြန်ရောက်သွား၏။ မှိန်းနေသည့်မျက်ဝန်းတွေက အကြည့်မလွှဲရက်နိုင်လောက်အောင် လှပရက်လွန်းနေပြန်၏။
"အီသန်က ကျွန်တော့်ကိုတကယ်ပဲ မုန်းတယ်မဟုတ်လား ဘာလို့မဖြေသေးတာလဲ"
ဆောင်းဟွန်း၏ တင်းကျပ်လာတဲ့ ခံစားချက်၊ ရုတ်တရက်နီဆွေးလာသည့် နားရွက်ဖျား။ သူ့နှုတ်ခမ်းမှာ နွေးထွေးတဲ့ ခံစားချက်လေး ရလိုက်တယ်။
ထို့နောက် ကြာရှည်စွာ ဆွဲငင်လာတဲ့ နှောင်ကြိုးတစ်ခု။ ရစ်ပတ်ချည်နှောင်နေကြရင်း စက္ကန့်မပြတ် နမ်းရှိုက်မိနေကြတာ မှန်ရဲ့လားပင်မသိချေ။
အချိန်ကြာလာသည်နှင့်အမျှ အောက်ဆီဂျင်က တိုးမပေါက်တော့ချေ။ အောက်နှုတ်ခမ်းပါးကလည်း ကျိန်းစက်လာပေသည့် တစ်ဖက်လူက ထိုထက်မျှ ရက်စက်ချင်သေးပုံ။ သားကောင်တစ်ကောင်ကို အငမ်းမရဖမ်းစားနေသော သားရဲအလား။
လက်သီးဆုပ်သေးသေးက ဟီဆွန်းကျောကို ထုရိုက်လာကာမှ မျက်နှာနှစ်ခုက ဝေးကွာသွားကြ၏။ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် အသက်မနည်းရှုနေရသည့် ဆောင်းဟွန်း။ နှုတ်ခမ်းပါးတစ်စုံကို ခပ်ဟဟလေးထားပြီး မောဟိုက်နေပုံက ဖမ်းစားနေပြန်ပါသည်။