"အီသန် ဆင်းရအောင်ပါဆို၊ လာလို့နော် နော်"
ဆောင်းဟွန်းအသုံးချနေသည်က အသုံးမဝင်မှန်းသိသည်။ သို့သော်လည်း အစွမ်းကုန်အသုံးချကာ သနားစရာဇာတ်ကောင်လေးအဖြစ် ဖန်တီးရတော့၏။
"ခဏပဲလေနော်၊ ဟွန်လို့ တကယ်ခဏပဲ"
နှုတ်ခမ်းဆူကာ ပြောနေလေသော ဆောင်းဟွန်းအား ဟီဆွန်းလည်းမနိုင်ပေ။ ဒီထပ်ပိုပြီး အသည်းယားစရာကောင်းအောင် နေပြနေလျှင် အခုချက်ချင်းပင် ဆွဲခေါ်သွားရတော့မည်။ ထိုကလေးက ဟီဆွန်းအပေါ် နိုင်ကွက်တွေချည်းနှင့်...။
သို့သော်လည်း နားပူနားဆာကျနေသူက ရေထဲမဆင်းရမချင်း ကျေနပ်မည့်ပုံလည်းမပေါ်။
"အအေးပက်မယ်လို့ ကိုယ်ပြောနေတယ်လေ"
"သိပြီ၊ အီသန်က ကောင်းကိုမကောင်းဘူး"
"ဟော"
မနိုင်တော့ စိတ်ကောက်သွားသူသည် ကားဆီသို့ ခြေဆောင့်ကာ ထွက်သွားနေသည်မှာ ကလေးပေါက်သဖွယ်။ စိတ်ရှိလက်ရှိ ဖြစ်ညှစ်လိုက်လျှင်လည်း သေးသေးလေးသာ ကျန်ရစ်လေမလား။
မတတ်နိုင်တော့ပေ။
ချက်ချင်းပင် အနောက်မှ ပြေးလိုက်ကာ ခြေဆောင့်သွားနေသူအား ပွေ့ချီလိုက်၏။ စိတ်ဆိုးနေသည့် အမူအယာပြနေသော်လည်း ရုန်းကန်ခြင်းတော့မရှိ။
"တကယ်ဆင်းချင်တာလား"
"ပင်လယ်လာပြီး ရေထဲမဆင်းတာ ခင်ဗျားပဲရှိမှာ အီသန်လီရဲ့"
ဆောင်းဟွန်းသွားချင်သည်ဟူ၍သာ ပင်လယ်ဘက်သို့ ကားမောင်းလာခဲ့ရခြင်း။ အမှန်ဆိုလျှင် အခုတလော စိတ်မချနိုင်ဖြစ်နေသည့် စိတ်ကတားနေတာကြောင့် မလာချင်ပေ။
ဟီဆွန်းက ပင်လယ်ကိုသဘောကျပါတယ်။ သို့ပေမယ့် ထိုကောင်ငယ်လေးကို ပိုသဘောကျသွားမိသည်ကတော့ နှလုံးသားအလိုအရပေါ့။
"ကိုယ်ကဖျားမှာစိုးလို့ပြောတာလေ"
"အဲတာဆိုလည်း အောက်ချတော့လေ၊ မဆော့တော့ဘူး ကိုယ်ဟာကိုယ်ကားထဲဝင်ထိုင်နေမယ်"
"အင်း အဲတာဆို ဆင်း"
ထိုစကားကြောင့် အောက်နှုတ်ခမ်းအား သွားဖြင့် ဖိကိုက်လိုက်သည့်ဆောင်းဟွန်းမျက်နှာဟာ ငိုမဲ့မဲ့ကလေး။ လိုတာမရလို့ စိတ်ဆိုးနေသည့် အကြည့်ဖြင့် ကြည့်လေတော့ပို၍ပင် ကလေးဆန်လွန်းသည်။
