Unicode..
" သွားကြည့်လိုက်အုံးမယ်။ဘာတွေ ဖြစ်ကြတာလဲ မသိဘူး"
ဆူးရစ်က အခန်းပြင်ကို လှမ်းကြည့်ရင်း ပြောသည်။
" ငယ်လည်း လိုက်မယ်။"
ငယ်က အလျင်စလိုထလာပြီး ဆူးရစ် လက်ကို လာဆွဲသည်။
ထို့နောက် နှစ်ယောက်သား အခန်းပြင်ကို ထွက်လိုက်ကြသည်။
ညလေအေးတစ်ချက် တိုက်ခတ်လာသည်ကြောင့် ဆူးရစ်ကျောစိမ့်သွားသည်။
ငယ်၏ ခန္ဓာကိုယ်လေးသည်လည်း တုန်တက်သွားသောကြောင့် ပခုံးကို ဖွဖွ ဖက်ထားပေးလိုက်သည်။လွန်ခဲ့သည့် မိနစ်ပိုင်းကပင် ဆူညံနေသော အဆောင်ကြီးသည် ယခုအခါ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေပြန်သည်။
တစ်ခန်းပြီးတစ်ခန်း ကျော်ဖြတ်လာသော်လည်း လူရိပ်လူယောင်ပင် မတွေ့။
အခန်းတိုင်းက တံခါးတို့ ပွင့်နေပြီး လျှပ်စစ်မီးရောင်အောက် အရာရာကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။နောက်ဆုံးတွင် ကော်ရစ်တာ၏ ထိပ်ဆုံးမှာရှိသော ဘုရားခန်းသို့ ရောက်ရှိလာသည်။
" ဟင်"
ဆူးရစ် ထိတ်လန့်တကြား ရေရွတ်လိုက်မိသည်။
မိန်းမငယ်လေးများသည် ဒူးခေါင်းပေါ်မှာ ခေါင်းကို မှောက်ထားပြီး ခန္ဓာကိုယ်က တုန်နေသည်။အပေါ်ထပ်ရော အောက်ထပ်ပါ စုနေကြသည်ကြောင့် ဘုရားခန်းထဲတွင် လူက အပြည့်ဖြစ်နေပေသည်။ဆူးရစ်၏ အသံကြောင့် အကုန်လုံး ခေါင်းထောင် ကြည့်ကြသည်။မျက်ကွင်းတို့သည် ညိုနေပြီး ဆံပင်တို့မှာလည်း ပွယောင်းနေပေသည်။
လူအုပ်ကြားထဲမှ ဆူးရစ်၏ သူငယ်ချင်းက ထလာပြီး တုန်လှုပ်နေသော အမူအယာနှင့် ဆူးရစ် လက်ကို ကိုင်ကာ..
" နင်တို့ ဘယ်ရောက်နေတာလဲ။ဒီက သရဲ.. သရဲမက ဝင်ပူးပြီး ငါတို့ကို.."
သူ(မ)က စကားကို မဆက်သေးပဲ ဘေးဘီဝဲယာကို ဝေ့ဝဲကြည့်နေသည်။
" ဘာတွေ ဖြစ်သွားလို့လဲ"
ငယ်က စိုးရိမ်တကြီး ဝင်မေးသည်။
" ငါတို့ကို လည်ပင်းညှစ်တာ.. ပြီးတော့ ဝင်ပူးတဲ့ ကောင်မလေးကိုလည်း လည်ပင်ညှစ်တယ်။နောက်ဆုံး သတိလစ်ပြီး မေ့သွားတာပဲ အခု ဆေးရုံ ပို့လိုက်ရတယ်။"
YOU ARE READING
လှမ်း၍သာလာလှည့်ပါ...(Complete)