🍂26🍂

573 75 20
                                    

နမ်ဂျွန့်အိမ်သို့ ပြန်ရောက်တော့ နမ်ဂျွန်ကမရှိ..။ ခရီးက ပြန်မရောက်သေးတာထင်သည်။ အဝတ်အိတ်ကို ချပြီး လေးလံနေတဲ့စိတ်ကို အနည်းငယ်ပေါ့လိုပေါ့ငြား ရေချိုးရန်ပြင်လိုက်သည်။

ရေပန်းအောက် နာရီဝက်ကျော် ကြာသည်အထိ ရေစိမ်ချိုးနေပေမယ့် နောက်ကျိလေးလံမှုကမပြေ..။ ကျောပြင်ပေါ်စီးကျနေသော ရေစက်တို့သည်ပင် မာကြောအေးစက်နေသည့် အစိုင်အခဲတွေလို ခံစားနေရသည်။ အပြီးသတ်ရေချိုးပြီးနောက် ခါးကိုတစ်ပတ်တစ်ထည်ပတ်ကာ အပြင်ပြန်ထွက်လာခဲ့သည်။

အဝတ်အစားလဲပြီးနောက် အုံခဲနေသည့် ခေါင်းအတွက် အကိုက်အခဲပျောက်ဆေး သောက်လိုက်သည်။ ဗိုက်ထဲအစာရှိတာမရှိတာ သူ့အတွက် အရေးမကြီး..။ ဝေဒနါတစ်စိတ်တစ်ပိုင်း သက်သာသွားဖို့သာ အရေးကြီးသည်။

အချိန်သည် နံနက်ငါးနာရီ..။

နမ်ဂျွန်ဆီသို့ စာတစ်စောင်ရေးနေသည်..။ ထိုစာထဲတွင် သူနဲ့ကလေးလေးအကြောင်း.. စာဆက်မသင်ဖြစ်တော့တဲ့အကြောင်း..ကလေးလေးအပေါ် သူစိတ်တွေ မရိုးဖြောင့်ခဲ့တဲ့အကြောင်း..အန်ကယ်ဂျွန်ပြောပြတဲ့ သူ့အမျိုးသမီးအကြောင်း..ကလေးလေးရဲ့ ရောဂါအကြောင်း..စသဖြင့် အကြောင်းအရာအစုံအလင် ထည့်သွင်းရေးသားခဲ့သည်။

အားလုံးရေးပြီးသည့်နောက် မနက်ခြောက်နာရီကျော်ကျော်ရှိပြီ..။

နံနက်ခင်းရောင်နီသည် သူရှိရာအခန်းထဲသို့ ကျရောက်လာသည်။

စားပွဲမှထပြီး အိမ်ရှေ့ခြံစည်းရိုးအပြင်ဘက်က စာတိုက်ပုံသို့ သွား၍ သူရေးထားသည့် စာအိတ်လေးကို ထည့်လိုက်သည်။ ထို့နောက် ပြန်လှည့်အထွက်..သူ့ခေါင်းတွေ မိုက်ကနဲ့မူးဝေသွားသည်။ ခြံစည်းရိုးတိုင်မကြီးကို ကိုင်၍ ယိမ်းယိုင်သွားသည့် သူ့ခန္ဓာကိုယ်ကို မနည်းထိန်းလိုက်ရသည်။

စာမရေးခင်က သောက်ထားသည့်ဆေးသည် အာနိသင်ပျယ်တာ မြန်လှသည်။

အိမ်ထဲသို့ဖြည်းဖြည်းချင်းထိန်းဝင်လာပြီး မီးဖိုခန်းဘက်သို့ တစ်ချက်တော့ လှမ်းကြည့်လိုက်မိသည်။ သူ့ဝမ်းဗိုက်သည် မနေ့က နေ့ခင်းထဲက အစာမရှိ..။ သူ့ဝမ်းက ဟာနေသည်။ သို့သော် ဗိုက်ဆာသည်ဟု မခံစားရ..။ ရင်ဘက်က ပူလောင်မှုနှင့် ခေါင်းထဲက မူးဝေကိုက်ခဲမှုကသာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံနေလေသည်။

နုနုငယ်ငယ်🍂[Complete]Where stories live. Discover now