Uni...
"ဆရာ ဆရာ...အငယ်တန်းကလေးတစ်ယောက်ပြေးရင်းဒဏ်ရာရသွားလို့ သွေးတွေလည်းတအားထွက်နေတယ်..."
အပြေးတပိုင်းနဲ့သူ့ဆီလာကာပြောလာတဲ့ ကျောင်းသားတစ်ယောက်ကြောင့် ရိပေါ်မှာပြာသွားရသည်။
တဆက်တည်း ဝတ်စုံလဲနေတာကိုပါ အမြန်အပြီးသတ်လိုက်ပြီး lockerကိုအကြမ်းပတမ်းပိတ်ကာ ထိုကျောင်းသားနောက်ကို လိုက်သွားလိုက်၏။
"ဒဏ်ရာကများလား?"
"ဟုတ် များလောက်တယ်ထင်တယ် ဆရာ..."
သူ့ကိုလာခေါ်တဲ့ကျောင်းသားရဲ့စကားကြောင့် ရိပေါ်ခြေလှမ်းတွေကိုမြန်လိုက်မိတယ်။ ကာယဆရာဖြစ်တဲ့အလျောက် အားကစားလုပ်ရင်း ကျောင်းသားတစ်ခုခုဖြစ်သွားရင် သူ့တာဝန်သာဖြစ်တယ်လို့ ရိပေါ်ကခံယူထားတာဖြစ်၏။
"ကျောင်းဆေးခန်းမှာရော ဆရာဝန်နဲ့တွေ့ရဲ့လား?"
ရိပေါ်သူ့ရှေ့မှာမြင်နေရတဲ့ ကျောင်းဆေးခန်းအဆောင်လေးကိုကြည့်ရင်းကျောင်းသားကိုမေးလိုက်တယ်။
ထိုဆေးခန်းထိုင်တဲ့ သူနာပြုရဲ့သတင်းတွေက ကောင်းတာမရှိ ပွေလွန်းရှုပ်လွန်းတဲ့ထိုသူနာပြုက ဆေးခန်းမှာမရှိသည်ကများသည်။သူကဆေးခန်းကိုအရောက်အပေါက်နည်းလို့ သေချာမသိပေမယ့် ထိုသတင်းကတော့ သူတင်မဟုတ်Y Cityတဲ့ ယောက်ျားလေးသီးသန့် အထက်တန်းကျောင်းတစ်ခုလုံးသိလေသည်။
"ဆရာဝန်နဲ့တိုးပါတယ်ဆရာ သူချက်ချင်းချုပ်ပေးလိုက်တယ်..."
"အင်း..."
ဆေးခန်းတံခါးရှေ့ရောက်တဲ့အခါ သူ့ကိုလာခေါ်တဲ့ကျောင်းသားက ဦးစွာတံခါးကိုဖွင့်ပြီး ဒဏ်ရာရတဲ့ကျောင်းသားရှိတဲ့ ကုတင်ဆီကို ဦးတည်သွားသည်။
ထိုဒဏ်ရာရတဲ့ကျောင်းသားအနားမှာ သူနာပြုမရှိဖို့သာ ရိပေါ်ဆုတောင်းမိတယ်။ ဘယ်အရာကိုမဆို စည်းစနစ်ကျကျနဲ့လုပ်တတ်တဲ့သူက ထိုပေါ့ပျက်ပျက်နဲ့ပွေရှုပ်လွန်းတဲ့သူနာပြုကို သဘောမကျ။
တာဝန်အချိန်မှာ ဆေးခန်းမှာရှိမနေရင်လည်း ဒါကစည်းကမ်းဖောက်ပျက်တာပဲမလား။