အခန်း 229- ထူးဆန်းသောအသံ
“ညီအစ်ကိုတို့ သတိထားကြ... ငါတို့ မြောက်ပိုင်း အင်ပါယာမြို့တော်ကို ရောက်မှ ဘေးကင်းမယ်...”
လီမန် အော်ဟစ်လိုက်သည်။
မြောက်ပိုင်းကန္တာရသည် ဤဒေသတွင် အကြီးဆုံးသဲကန္တာရဖြစ်သည်။ မရဏနယ်မြေဟုလည်း လူသိများ၏။
ဤနေရာသည် အဝါရောင်သဲများဖြင့် ပြည့်နေသည်။ ရေအရင်းအမြစ်မပြောနှင့် ဤနေရာတွင် ကန္တာရအပင်များပင် မရှင်နိုင်ပေ။
ပိုကြောက်စရာကောင်းသည်မှာ ခြေဖဝါးအောက် မြေပြင်မှ နတ်ဆိုးသားရဲတစ်ကောင် ဘယ်အချိန်တွင် ပေါ်ထွက်လာပြီး သူတို့အား တိုက်ခိုက်မည်ကိုပင် မသိနိုင်ခြင်း ဖြစ်သည်။
ထို့အပြင် သွေးဆာနေသော အသားစားပုရွက်ဆိတ်များ၊ ဝံပုလွေများ၊ တီကောင်များ… ၎င်းတို့အားလုံးသည် အလွန်ကြောက်စရာကောင်းပေသည်။
ကျင့်ကြံခြင်းအလယ်သုံးဆင့်မှ ပညာရှင်ပင်လျှင် အနည်းငယ် သတိမထားမိက သေခြင်းတရားနှင့် ရင်ဆိုင်ရပေလိမ့်မည်။
ထို့ကြောင့် သူတို့သည် ဤနေရာကို တတ်နိုင်သမျှ မြန်မြန်ဖြတ်ကျော်ကာ ဤကျက်တီးမြေကို စွန့်ခွာချင်နေခဲ့ကြသည်။
ထို့ကြောင့် အချင်းချင်း သတိပေးကာ အားမွေးရင်း တတ်နိုင်သမျှ အမြန်ဆုံး သွားနေကြလေသည်။ ဤနေရာသည် မည်မျှထိတ်လန့်စရာကောင်းသည်ကိုလည်း သူတို့သိကြသည်မှာ ထင်ရှား၏။
"ညီလေးရီ... မင်း ငါ့ကို တကယ်အံ့သြစေတာပဲ...!"
လီမန်၏မျက်လုံးများသည် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်နေခဲ့သည်။
အစကတည်းက ရီချန်းဂျီ၏ဒဏ်ရာများမှာ မည်မျှပြင်းထန်သည်ကို သူသိထားခဲ့သည်။ တစ်ရက်မပြည့်မီတွင် ထိုမျှ ဒဏ်ရာများနှင့်လူသည် အပြင်သို့ထွက်ကာ လမ်းလျှောက်နိုင်သည့် အတိုင်းအတာအထိ ပြန်လည်ကောင်းမွန်နေပြီဖြစ်သည်။
ကြောက်စရာကောင်းလွန်းသည်။
ဤမျှကြောက်စရာကောင်းသော မိမိကိုယ်ကို ကုစားနိုင်သော စွမ်းရည်သည် အထက်နယ်ပယ်သုံးရပ်မှ ကျင့်ကြံသူပင်လျှင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။