အခန်း 224- လက်နက်ဝိညာဉ်လဲလှယ်ခြင်းစနစ်
ထိုနေရာမှာ လွန်စွာတိတ်ဆိတ်နေလျှက်သာရှိသည်။ အသံတစ်သံမှ ထွက်မလာပေ။
ရီချန်းဂျီအရှေ့မှ သုံးပေအကွာတွင် မြူခိုးများမှာ ထူထပ်စွာနှင့် ငြိမ်သက်စွာသာ လွင့်မျောနေ၏။
သူ့ခေါင်းထက်တွင် အလင်းရောင်တစ်ခု ရှိနေပုံရသည်။ ထူထပ်သော မြူခိုးများကြားမှ ဖြူစင်သော အဖြူရောင်အလင်းသည် ထွန်းလင်းနေသည်။
ဤနေရာတွင် ရေမရှိ လေမရှိ နေမရှိ။
ဤကမ္ဘာမှာ မြူများမှလွဲ၍ ဘာမှမရှိသည့်ပုံပင် ဖြစ်နေလေသည်။
ထိုစဥ် သံနှင့် ကျောက်တုံး ခြစ်နေသည့် အသံမျိုး သူ ကြားလိုက်ရသည်။
ရီချန်းဂျီသည် ခဏတာမျှ ကယောင်ချောက်ချားဖြစ်နေသည်ဟု သံသယပင် ဖြစ်သွားမိသည်။
ဤကဲ့သို့သောနေရာ၌ သံနှင့် ကျောက်တုံး ပွတ်တိုက်သံများ ကြားနေရသည်။ ၎င်းမှာ မည်သို့မျှ ပုံမှန်မဟုတ်နိုင်ပေ။
၎င်းမှာ အတော်ဝေးသည့် နေရာမှ ထွက်လာနေပုံမျိုး ဖြစ်သည်။ သူ ကြားနေရသောအသံသည် အလွန်တိုးပြီး ခပ်သဲ့သဲ့လေးသာဖြစ်သည်။
သို့သော် အသံတစ်ခုဆိုသည်မှာတော့ သေချာသည်။
ရီချန်းဂျီ ထူထဲသော အဖြူရောင် မြူခိုးများကြားမှ အသံကြားရာ ဘယ်ဘက်သို့ လှမ်းကြည့်လိုက်သည်။
တောက်ပသော သူ့ မျက်လုံးများမှာ ထူထပ်သော မြူခိုးများကို ဖောက်မြင်နေရသလိုပင် ထင်ရ၏။ သူ့မျက်နှာပေါ်တွင်လည်း အပြုံးဖျော့ဖျော့ ရှိနေ၏။
"မင်း ထွက်မလာဘူးလား..."
ရီချန်းဂျီ တိုးတိုးလေးပြောပြီး ထိုနေရာတွင် ရပ်နေရာမှ ဘယ်ဘက်ကို ကြည့်လိုက်ပြီး ထပ်မေးသည်။
တုံ့ပြန်မှု မရှိ။
ထိုအသံသည်လည်း ပျောက်ကွယ်သွားပြီဖြစ်ပြီး မည်သည့်အရာမျှ မဖြစ်ခဲ့သကဲ့သို့ တိတ်ဆိတ်ငြိမ်သက်လျှက်သာ ရှိသည်။ မသိလျှင် သူကြားလိုက်ရသည်မှာပင် စိတ်ကယောက်ခြောက်ခြားဖြစ်သည်ဟု ထင်ဖွယ်ရာ ရှိပေသည်။
![](https://img.wattpad.com/cover/357916555-288-k175524.jpg)