အခန်း 259- မူလဝိညာဉ်ချီ
“နင်းမန်မန်းက သူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ့မလား....”
ချူးယွဲ့လီသည် တောက်လောင်နေသော မီးပင်လယ်ကို ငုံ့ကြည့်လိုက်ကာ ပြောလိုက်မိသည်။
မီးပင်လယ်၏ စွမ်းအားသည် နှစ်ပေါင်း ထောင်သောင်းမက စုဆောင်းလာခဲ့ပြီးဖြစ်သဖြင့် အလွန်ကြောက်စရာကောင်းလှပေသည်။
မီးပင်လယ်ထဲသို့ ခုန်ချရန်မပြောနှင့် တောင်ထိပ်အပေါ်မှ ကြည့်ရသည်မှာပင် သူမအတွက် ပူလောက်လွန်းလှပြီ ဖြစ်သည်။
သူမ၏ အင်ပါယာတစ်ပိုင်း ကျင့်ကြံမှုဖြင့်ပင် မြင့်တက်လာသော အပူဒဏ်ကို ခုခံရန် ဝိညာဉ်စွမ်းအင် အကာအကွယ်ကို အသက်သွင်းထားရသည်။
နင်းမန်မန်းသည် ချိုးဖြတ်ခြင်းအဆင့်တွင်သာရှိသေးသည်ဖြစ်ပြီး မီးပင်လယ်ကို သူမ တကယ်ခုခံနိုင်ပါ့မလားဟု စိုးရိမ်နေမိတော့သည်။
“လူတိုင်းရဲ့ မွေးရာပါခန္ဓာကိုယ်ဖွဲ့စည်းပုံတွေက ချမှတ်ပြီးသား.... ခန္ဓာကိုယ် ပြုပြင်တာက ကောင်းကင်ဘုံကို တိုက်ရိုက် ဆန့်ကျင်တာပဲ... တခြားသူသာ ဒီလိုလုပ်ရင် သေမှာသေချာတယ်...”
"ကောင်းကင်တာအိုက ကောင်းကင်ပြစ်ဒဏ်ကို လွှတ်လိုက်မှာပဲ... မီးပင်လယ်ထဲကနေ ကံကောင်းပြီး အောင်အောင်မြင်မြင် ထွက်လာနိုင်ရင်တောင် ကောင်းကင်ရဲ့ ဒဏ်ခတ်မှုအောက်မှာ သေဆုံးကြရလိမ့်မယ်...”
သူတို့အား ရှင်းပြနေစဉ် ရီချန်းဂျီ၏ အမူအရာမှာ ဘာမှမထူးခြားပေ။
သူ့တုန်းကလည်း ခန္ဓာကိုယ်ကို ပြုပြင်မွမ်းမံမှု ပြီးခဲ့သည့်အချိန်က ကောင်းကင်ပြစ်ဒဏ်ကျဆင်းလာခဲ့သည်။ ကောင်းကင်တစ်ခုလုံးကိုပင် မမြင်ရတော့လောက်အောင် ကြီးမားများပြားသော စွမ်းအင်များ၏ ရိုက်ခတ်မှုကို ခံခဲ့ရသည်။ သူသာ အချိန်မှီ မတုံ့ပြန်နိုင်ခဲ့လျှင် ထိုနေရာတွင်ပင် ပွဲချင်းပြီး သေသွားနိုင်လောက်အောင် ပြင်းထန်ခဲ့ဖူးသည်။
ထိုစဥ်က သူမသိခဲ့သဖြင့် လုံလောက်သော ပြင်ဆင်မှုများ မပြုလုပ်နိုင်ခဲ့သောကြောင့် ရီချန်းဂျီ ကောင်းကင်ပြစ်ဒဏ်ကို ခုခံရန်အတွက် ကြီးမားသော အဖိုးအခကို ပေးဆောင်ခဲ့ရသည်။
![](https://img.wattpad.com/cover/357916555-288-k175524.jpg)